NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ခရစ်ယာန်သာသနာပြု ၁၀၀ ကျော်ကို ‘၀’ တပ်ဖွဲ့ပြန်လွှတ်ပေး၊ နောက်ထပ် ၁၀၀ခန့် ဆက်လက်ထိန်းသိမ်းထား

.

လူမှုကွန်ရက်တွင်ပျံ့ နှံ့နေသည့် UWSA တပ်သားများကခရစ်ယာန်ဘုရားကျောင်းများအား ဖျက်ဆီးနေသည့် ရုပ်သံ (ဓာတ်ပုံ - Myanmar Now)

အနာဂတ်တွင် ‘၀’ ဒေသအတွင်း ခရစ်ယာန်သာသနာပြုလုပ်ငန်းများ လုပ်ကိုင်လိုပါက UWSA စီမံခန့်ခွဲသည့် သာသနာဘောင် အတွင်းမှသာ လုပ်ဆောင်ရမည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) က ၄င်းတို့ ထိန်းသိမ်းထားသည့် ခရစ်ယာန်သာသနာပြု ၁၀၀ ကျော်ကို အောက်တိုဘာ ၂ ရက်တွင် ပြန်လွှတ်ပေးလိုက်ပြီး ၁၀၀ ကျော်ကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ‘၀’ နှင့် လားဟူခရစ်ယာန်နှစ်ချင်းအဖွဲ.ချုပ် တာဝန်ရှိသူများကပြောဆိုသည်။

“ပန်ဆန်းဒေသ၊ မိုင်းပေါက်နဲ့ မိုင်းမောခရိုင်တခုလုံးက လွတ်တယ်။ ကျန်တဲ့ဆရာတွေလည်း မကြာခင် လွတ်လာမှာပါ” ဟု  ‘၀’ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမူး Rev.Dr.အိုက်နပ်ယွန်းက MyanmarNow ကို ပြောသည်။

ခရစ်ယာန်သာသနာပြုများသည် ၀တ်ပြုဆုတောင်းမှုများအားဘုရားကျောင်းတွင် မပြုလုပ်ဘဲ နေအိမ်များတွင်သာ ပြုလုပ်ပါမည်ဟု ကတိခံဝန်ချက်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ အထွေထွေအတွင်းရေးမှူး Rev.Dr.လာဇရုကဆိုသည်။

ဖမ်းခံထားရသူများအနက်မှ အနည်းဆုံးဓမ္မဆရာ ၇ ဦးသည် အဆိုပါ ခံဝန်ကို လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သောကြောင့် ဆက်လက် ထိန်းသိမ်းခံနေရကြောင်းလည်း ၄င်းကဆိုသည်။

လားဟူအများစုပါဝင်သည့် သာသနာပြုနှင့် ဓမ္မကောလိပ်ကျောင်းသား ၁၀၀ ကျော်သည် ဆက်လက်ထိန်းသိမ်းခံထားရကြောင်းနှင့် ၄င်းတို့လည်း မကြာမီလွတ်လာမည်ဟု မျှော်လင့်ကြောင်း ၄င်းကဆိုသည်။

“အခြေအနေက အရမ်းကောင်းလာပါပြီ” ဟု လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ အထွေထွေအတွင်းရေးမှူး Rev.Dr.လာဇရုကရှမ်းပြည်နယ် ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှ ဘာသာရေး အကျပ်အတည်းအကြောင်း ရှင်းပြသည်။

မြန်မာနိုင်ငံအရှေ့ ဘက် မြန်မာ -တရုတ် နယ်စပ် UWSA ထိန်းချုပ်ရာ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းမှ ခရစ်ယာန်သာသနာပြုများသည် အစွန်းရောက်ဘာသာရေးဆရာများကြောင့် ဒေသမတည်မငြိမ် ဖြစ်မည်ကို ကာကွယ်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် စက်တင်ဘာ ဒုတိယသတင်းပတ်ကတည်းက ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံးဒုတာဝန်ခံ ဦးညီရမ်း ကသာသနာပြုများသည် ‘၀’ အစိုးရ၏ ဥပဒေကိုကျော်လွန်လုပ်ကိုင် သောကြောင့် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“တချို့ကတော့ အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့် ဥပဒေဘောင်ကိုကျော်လွန်ပြီးမှ လုပ်တာကြောင့် ဖြစ်တယ်။ အဲ့ဒါကိုဆက်လက်ပြီးမှ တဆင့် လုပ်သင့်လုပ်ထိုက်တာ၊ ဥပဒေအရဘယ်လို အရေးယူမလဲစသဖြင့် လုပ်ဆောင်သွားမယ်” ဟု ၄င်းက Myanmar Now ကိုတယ်လီဖုန်းဖြင့် ပြောကြားသည်။

ရှမ်းပြည်နယ် ကျိုင်းတုံအခြေစိုက် လားဟူနှစ်ခြင်းအဖွဲ့ချုပ် (ရှမ်း/ ရှေ့ ) ၏ အဆိုအရ‘၀’အထူးဒေသတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၅၂) ကျောင်းကိုချိတ်ပိတ်ခဲ့ပြီး (၃) ကျောင်းကိုဖြိုချခဲ့ကြောင်း၊ ဓမ္မအမှုတော်ဆောင် (၉၂) ပါးကိုဖမ်းဆီးခဲ့ပြီး ကျမ်းစာကျောင်းသားများအားလည်း စစ်မှုထမ်းစေခဲ့သည်ဟု ဆိုသည်။

လားဟူအဖွဲ့၏ စွပ်စွဲချက်ကိုအတည်မပြုနိုင်ကြောင်း၊ သို့သော် ‘၀’ ဒေသတွင် တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဥပဒေရှိကြောင်း UWSA ပြောခွင့်ရ အရာရှိကဆိုသည်။ ဘုရားကျောင်းများ ဖျက်ဆီးခဲ့ခြင်းမှာ တရားမ၀င်ဆောက်လုပ်ထားသည့် အဆောက်အအုံများအား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

“ကျွန်တော်တို့ ‘၀’ပြည်မှာ စည်းကမ်းရှိပြီး စနစ်ရှိတဲ့ မည်သည့်ကိုးကွယ်မှုကိုမဆို လွတ်လပ်စွာခွင့်ပြုထားတယ် ဆိုတဲ့ ဥပဒေရှိပါတယ်” ဟုဦးညီရမ်းက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအထူးဒေသ (၂) ဟုတပ်မတော် အစိုးရကသတ်မှတ်ခဲ့သည့် ပန်ခန်း(ပန်ဆန်း) အခြေစိုက် UWSA သည် မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး အစိုးရမဟုတ်သည့် လက်နှက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး အနည်းဆုံးစစ်သည်အင်အား ၃၀၀၀၀ မှ ၄၀၀၀၀ အထိရှိနိုင်သည်ဟု တိုင်းရင်းသားလ က်နှက်ကိုင်များ အကြောင်း ရေးသားပြုစုထားသည့် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI) ကခန့်မှန်းထားသည်။