ခရစ်ယာန်သာသနာပြုများအား ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး ‘၀’ ပြောရေးဆိုခွင့်ရှိသူနှင့် တွေ့ဆုံခြင်း

.

UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးဒုတာဝန်ခံဦးညီရမ်း (ဓာတ်ပုံ - ဦးညီရမ်း၏ Facebook)

“ခရစ်ယာန်သာသနာပြုတွေကို ဖမ်းတာက ‘၀’ ဒေသ) စည်းလုံးညီညွတ်မှုကို ပိုပြီး ခိုင်မှာစေချင်တဲ့ ပုံစံမျိုးနဲ့ ၀င်ရောက် ထိန်းသိမ်းတဲ့ သဘောပါ။ မကြာခင် အဆင်ပြေသွားမှာပါ”

မြန်မာနိုင်ငံ၏ အစိုးရမဟုတ်သော လက်နှက်ကိုင်များအနက် အင်အားအကြီးဆုံးဖြစ်သည့် ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) က ၄င်းတို့ ထိန်းချုပ်ထားရာနယ်မြေများအတွင်းရှိ ခရစ်ယာန်သာသနာပြုများအား ပြီးခဲ့သည့်လအတွင်း ထိန်းသိမ်းခဲ့သည်။

မြန်မာ - တရုတ်နယ်စပ် UWSA နယ်မြေအတွင်းရှိ တရားမ၀င်ဆောက်လုပ်ထားသည့် ဘုရားကျောင်းများအား ဖြိုဖျက်ခြင်း၊ သာသနာပြုများအား ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံးဒုတာဝန်ခံ ဦးညီရမ်း အား Myanmar Now သတင်းထောက်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

မေး -‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) က ထိန်းသိမ်းထားတဲ့ ဓမဆရာ ၁၀၀ ကျော်ကို အောက်တိုဘာ ၂ရက်နေ့က ပြန်လွတ်လာတယ်ဆိုတာ မှန်ပါသလား။ ကျွန်တော်တို့သိထားတာ၁၀၀ ကျော်ဆိုတော့ အတိအကျ ဘယ်လောက်ရှိမလဲ။

ဖြေ-  မှန်ပါတယ်။ တော်တော်များများက ခေါ်ယူစစ်ဆေးမေးမြန်းပြီးမှ ပြန်ခိုင်းလိုက်ပါပြီ။ အတိအကျကတော့ ကျွန်တော်လည်း မသိရသေးပါဘူး။

မေး-အခုလက်ရှိ ဓမ္မဆရာ ၇ ပါးတော့ ကျန်ရှိနေသေးတယ်။ ဘာလို့ ဆက်ဖမ်းထားတာလဲ။

ဖြေ - ကျွန်တော်အရင်တုန်းက ပြောခဲ့တဲ့အတိုင်းပဲ။ တချို့ကတော့ အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့်။ ဥပဒေဘောင်ကိုကျော်လွန်ပြီးမှ လုပ်တာကြောင့်ဖြစ်တယ်။ အဲ့ဒါကိုဆက်လက်ပြီးမှ တဆင့် လုပ်သင့်လုပ်ထိုက်တာ၊ ဥပဒေအရ ဘယ်လို အရေးယူမလဲစသဖြင့် လုပ်ဆောင်သွားမယ်။ ဆက်လက်ပြီးမှ စစ်ဆေးနေပါတယ်။ ဘာသာရေးကြောင့် တချို့ရပ်ရွာတွေမှာ အမြင်ကွဲလွဲမှုတွေ ရှိလာတယ်။ အိမ်ထောင်မိသားစုတွေ အခြင်းခြင်းသဘောထားကွဲလွဲပြီး စည်းလုံးရေးပျက်ပြားမှာ စိုးလို့ ၀င်ပြီး ထိန်းညှိပေးတယ်၊ ထိန်းသိမ်းတဲ့ သဘောပဲဖြစ်တယ်။

မေး-လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရဲ့  ထုတ်ပြန်ချက်အရ ၉၂ ဦးကို ဖမ်းဆီးထားတယ်လို့ သိရတယ်။ သူတို့ကော လွတ်လာတဲ့ အထဲပါလား။

ဖြေ - အဲ့သတင်းနဲ့ ပတ်သက်ပြီးမှ တက်လာတာတော့ တွေ့ရတယ်။ ဒါပေမယ့် တကယ်ဟုတ်မဟုတ်ဆိုတာ အတိအကျ မသိရသေးဘူး။ ဘယ်ကနေရလာတဲ့ သတင်းလဲဆိုဒါ အတည်ပြုဖို့ နည်းနည်းခက်နေတယ်။

 

မေး-လားဟူနှစ်ခြင်း ဓမဆရာတွေကို စစ်မှုထမ်းခိုင်းတယ်ဆိုတဲ့ ကိစနဲ့ ပတ်သက်ပြီးတော့ သိချင်ပါတယ်။

ဖြေ - ဒါကို ကျွန်တော်အတည်ပြုလို့ မရသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ ‘၀’ ပြည်မှာ တအိမ်တစ်ယောက်တော့ စစ်မှုထမ်းနေကြပါ။ ဘာသာရေးကိုအကြောင်းပြပြီး စစ်မှုမထမ်းချင်လို့လား စသဖြင့် အကြောင်းပြချက်တွေ ရှိတယ်။

မေး -- အခုလွတ်လာတဲ့ သူတွေက ဘယ်မှာနေနေလဲ။

ဖြေ - သူတို့ရဲ့ နေရပ်ကို ပြန်ရောက်နေပါပြီ။ သူတို့အမှုတော်ဆောင်တဲ့ နေရာပေါ့။ အနယ်နယ်အရပ်ရပ်က ဆိုတော့။

မေး-ဘုရားကျောင်း ဖျက်ဆီးတယ်ဆိုတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ - အားလုံးကလည်း သိနေတွေနေပြီးသား ဖြစ်တယ်လေ။ လွန်ခဲ့တဲ့ စက်တင်ဘာလ က တရုတ်လိုနဲ့‘၀’ ဗဟိုကထုတ်ပြန်တဲ့ (ထုတ်ပြန်ချက်အရ) ခွင့်ပြုချက်မရဘဲနဲ့ ဆောက်တဲ့ဘုရားကျောင်းတွေ၊ လက်ဝါးကားတိုင်တွေကို ဖျက်တယ်လို့ သိရတယ်။ ကျွန်တော်တို့ ‘၀’ပြည်မှာ စည်းကမ်းရှိပြီး စနစ်ရှိတဲ့ မည်သည့် ကိုးကွယ်မှုကိုမဆို လွတ်လပ်စွာခွင့်ပြုထားတယ်ဆိုတဲ့ ဥပဒေရှိပါတယ်။

မေး-ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပါအုန်း။

ဖြေ - စည်းလုံးညီညွတ်မှုကို ပိုပြီးခိုင်မှာစေချင်တဲ့ ပုံစံမျိုးနဲ့ ၀င်ရောက်ထိန်းသိမ်းတဲ့သဘောပါ။ မကြာခင် အဆင်ပြေသွားမှာပါ။

မေး-လွတ်မြောက်လာတဲ့သူတွေက ခံဝန်ချက်ထိုးတယ်လို သိရတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာပြောပြပါလား။

ဖြေ - ဒါကတော့သူတို့ ကာယကံရှင်တွေကို မေးမှ သိရပါမယ်။ သူတို့ကိုမေးကြည့်ပါ။

မေး-အခုလို ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဖြေ - ကျေးဇူးပါပဲ။