လူငယ်ဘောလုံးသမား ၂ ဦး ရုတ်တရက် ကွယ်လွန်

.

ဓာတ်ပုံ-MFF

အောက်တိုဘာ ၄ ။              ။ မြစ်ကြီးနားမြို့မှ လူငယ်ကစားသမား ၂ ဦးဖြစ်သည့်  ဇင်ဘိုလေး(ခ)မရမ်းသီး နှင့် ဆိုင်းထွယ်အောင်တို့သည် အောက်တိုဘာလ ၂ ရက်နှင့် ၃ ရက်တို့တွင်  ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။

မြစ်ကြီးနားမြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ဝမ်းနည်းကြောင်း ဖော်ပြထားခဲ့ကြပြီး အားကစားသမား ၂ ဦး တစ်ရက်ခြားစီ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား U-18 အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားကို အောက်တိုဘာလ ၃ ရက်က ကျင်းပခဲ့သည့်ပွဲအပြီး အနိုင်ရဗိုလ်စွဲသွားသည့် ကျွန်းပင်သာ+ ကချင်စုဘောလုံးအသင်းမှ ဂိုးသမား မောင်ဆိုင်းထွယ်အောင်သည် လဲကျသတိလစ်ရာမှ ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဓာတ်ပုံ-မြစ်ကြီးနားမြို့နယ်ဘောလုံးအဖွဲ့ချုပ်
ဖြစ်စဉ်နှင့်ပတ်သက်၍ " ပြိုင်ပွဲအစအဆုံး ပါဝင်ယှဉ်ပြိုင်ကစားသွားခဲ့ပြီး ဆုချီးမြှင့်သည့်အခမ်းအနားမစတင်မှီ အားအင်ကုန်ဆုံးကာသတိလစ်မေ့မြောသွားခဲ့ပါသည်။(နီးစပ်သူမိတ်ဆွေများထံမှလည်း ယခင်ကယှဉ်ပြိုင်ခဲ့သော အခြားဘောလုံးပွဲတွင်ထိခိုက်မိသည့် ဦးခေါင်းဒဏ်ရာကြောင့်လည်းကောင်း၊ နေမကောင်းဖြစ်ကာ အားမရှိချိန်၌ ပွဲတစ်ပွဲလုံး ကစားခဲ့ခြင်းကြောင့်ဖြစ်နိုင်ကြောင်းလည်း ကြားသိရပါသည်)။ ထို့နောက်ဆေးရုံသို့ချက်ချင်းပို့ဆောင်ခဲ့ကြပြီး တဆင့်အဖွဲ့ချုပ်၏စီစဉ်မှု၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကချင်ပြည်နယ်)၏ ကူညီမှုဖြင့် မန္တလေးသို့ညတွင်းချင်း ဆေးကုသရန်သယ်ဆောင်သွားကြရာတွင် လမ်းခရီး၌ ဆုံးပါးသွားခဲ့ရပါသည်" ဟု မြစ်ကြီးနားမြို့နယ် ဘောလုံးအဖွဲ့ချုပ်မှ အောက်တိုဘာလ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဇင်ဘိုလေး(ခ)မရမ်းသီးမှာ နှလုံးရပ်သေဆုံးသည်ဟု လတ်တလောကြားသိရပြီး သရုပ်ဆောင်မင်းသွေးလည်း အောက်တိုဘာလ ၃ ရက်ညက ဘောလုံးကစားနေရင်းအမောဖောက် လဲကျသေဆုံးခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့သို့ သွားရောက်မည် ဖြစ်ပြီး မိသားစုဝင်များနှင့် တွေ့ဆုံကာ ကူညီနှစ်သိမ့် သွားမည်ဖြစ်ပါကြောင်း ၀မ်းနည်းစွာ ဖြင့် အသိပေးဖော်ပြအပ်ပါသည် ဟုမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

ဘောလုံးကစားခြင်းနှင့်ပတ်သက်ပြီး တစ်ဦးနှင့်တစ်ဦး ထိမိခိုက်မိမှုကြောင့် အသေးစားဒဏ်ရာများ ရနိုင်ကာ အသက် အန္တရာယ် ထိခိုက်သည်အထိလည်း ဖြစ်ပေါ်တတ်သည်။

ဘောလုံးကြောင့် အသက်သေဆုံးကြရသူများသည် ဘောလုံးကစားသော လူဦးရေ ရာခိုင်နှုန်းနှင့် ယှဉ်ကြည့်မယ်ဆိုပါက အင်မတန် နည်းပါးသည်။ သို့ရာတွင်  ၂၀၁၇ ခုနှစ်အတွင်း အာဖရိကန် ကစားသမား (၄)ဦး၊ အင်ဒိုနီးရှား ကစားသမား (၁)ဦး၊ ဘယ်လ်ဂျီယံ ကစားသမား (၁)ဦး၊ သေဆုံးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ခရိုအေးရှား ကစားသမား (၁)ဦး၊  တောင်အာဖရိက ကစားသမား (၁)ဦးတို့ အသက်ဆုံးရှုံးခဲ့ရပြီး ယခုရက်ပိုင်းမှာလည်း မြန်မာကစားသမား ၂ ဦး ကွယ်လွန်သွားခဲ့သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။ အများဆုံးမှာ နှလုံးရောဂါအခံကြောင့် သေဆုံးခဲ့ရသူများဖြစ်သည်ဟု MFF မှ ဖော်ပြထားသည်။

ဓာတ်ပုံ-မြစ်ကြီးနားမြို့နယ်ဘောလုံးအဖွဲ့ချုပ်

နှလုံးရောဂါကြောင့် ရုတ်တရက် အသက်ဆုံးရှုံးခြင်း နဲ့ပတ်သက်၍  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF Chief Medical Officer ဒေါက်တာအောင်ကျော်ဦးရဲ့ အကြံပြု ရှင်းလင်းချက်ကို မျှဝေပေးထားသည်။

-Sudden Cardiac Arrest (SCA)

နှလုံးရုတ်တရက် ရပ်သွားခြင်း

ဖြစ်ပေါ်နိုင်သည့် လက္ခဏာများ

-ကစားနေရင်း (သို့) ကစားပြီး ရင်ဘတ်ထဲမှာ တင်းတင်းကြပ်ကြပ် ဖြစ်နေမယ်။ Chest Pain ရမယ်။ နှလုံးခုန်မြန်နေမယ်။ နှုန်းချိချိ ဖြစ်နေမယ်။ မအီမသာဖြစ်ပြီး ကိုယ်လက် မသယ်ချင်ဖြစ်နေမယ်။ အသက်ရှုရတာ မြန်လာမယ်။ သတိလစ်မယ်ဆိုရင် ဒါတွေဟာ (SCA) အချက်ပြ လက္ခဏာတွေ ဖြစ်ပါတယ်။

- Myocarditis ကြောင့်လည်းဖြစ်ပေါ်နိုင်ပါတယ်။ ရုတ်တရက် နှလုံးကြွက်သား ရောင်ရမ်းခြင်းကြောင့်လည်း SCA ရနိုင်ပါတယ်။ ဒါ့အပြင် HOCM (Hypertrophic Obstructive Cardiomyopathy)ကြောင့်လည်း ဖြစ်ပါတယ်။ ကစားသမားတွေက လေ့ကျင့်မှုကြောင့် နှလုံးကြွက်သားတွေက သာမန်လူထက် ပိုပြီးကြီးပါတယ်။ အဲ့ဒီလို အချိန်မှာ Overload ဖြစ်ပြီး နှလုံးကြွက်သားကို သွေးမရောက်ဘဲ နှလုံးရုတ်တရက် ရပ်သွားခြင်း SCA ရနိုင်ပါတယ်။

နှလုံးရုတ်တရက် ရပ်သွားခြင်းကြောင့် အသက်ဆုံးရှုံးမှု မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်နိုင်မလဲ?

၁။ Regular Medical Check Up ပုံမှန်ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရပါမယ်။

၂။ အဆီများသော အစားအစာများ ( နှစ်ပြန်ကျော်၊ ဆီကျော် အစားအစာများ၊ အရေပြား၊ အာလူးကျော် Fast Food) စတာတွေ ရှောင်သင့်ပါတယ်။

၃။ အရက်၊ဆေးလိပ် ရှောင်ရပါမယ်။

၎။ အသီးအရွက်များများ စားပေးပါ။

၅။ ပြိုင်ပွဲတွေ ကစားကွင်းတွေမှာ အလိုအလျောက် နှလုံးနိုးစက် (AED)တွေ ထားပေးရပါမယ်။

(AED စက်တွေဟာ ကစားကွင်းတွေမှာသာမက Public Area တွေမှာလည်း ထားရှိသင့်ပါတယ်။ နိုင်ငံအတော်များများက လေဆိပ်တွေမှာ Shopping Mall တွေမှာ ရုပ်ရှင်ရုံတွေမှာ အစရှိသဖြင့် AED စက်တွေ တပ်ဆင်ပေးထားလေ့ရှိပါတယ်)

၆။ လူနာတင်ယာဉ် Ambulance ရှိရပါမယ်။

၇။ ကစားကွင်းမှ ဆေးရုံသို့ ပို့ဖို့ မြန်ဆန်လွယ်ကူတဲ့ အခြေအနေ ဖြစ်နေရပါမယ်။

အထက်ပါအကြံပြုချက်များကို MFF မှ မျှဝေထားခြင်း ဖြစ်သည်။