ကွင်းလယ်ဒိုင်အား ဆဲဆိုရန်ပြုခဲ့သော ရန်ကုန်ယူနိုက်တက် ကစားသမားများကို ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေများ ချမှတ်

.

 ဓာတ်ပုံ -Myanmar Football Federation

ရန်ကုန်၊အောက်တိုဘာ ၃ ။           ။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲစဉ်တွင် ကွင်းလယ်ဒိုင်အား ဆဲဆိုရန်ပြုခဲ့ကြသော ရန်ကုန်ယူနိုက်တက်မှ ကစားသမားနှစ်ဦးကို ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေများ ချမှတ်ခဲ့ကြောင်း  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့သည်။

၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်နှင့် ချန်ပီယံဆုဖလားချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ ရက်၊ ညနေပိုင်းက အောင်ဆန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ၂-၁ ရလဒ်ဖြင့် ဟံသာဝတီယူနိုက်တက်အသင်းကို အနိုင်ရခဲ့ပြီး ယင်းပွဲစဉ်၏ ပွဲချိန် (၆၄)မိနစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းမှ   ကျောနံပါတ်(၁၉)က ရန်ကုန်ယူနိုက်တက် အသင်းဧရိယာအတွင်း ဘောလုံးဆွဲဝင်လာစဉ် ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ် (၂၂) မင်းကျော်ခန့် မှ ဥပဒေပ ဟန့်တားသဖြင့် ကွင်းလယ်ဒိုင်မှ ပင်နယ်တီပေးခဲ့သည်။ ထိုသို့ ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်သောကြောင့် ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ် (၂၂) မင်းကျော်ခန့်က ကွင်းလယ်ဒိုင်အား ကြမ်းတမ်းရိုင်းပြစွာ ဆဲဆိုခြင်း၊ ရင်ဘတ်အား ပြင်းထန်စွာ (၃)ကြိမ်ခန့် ရုပ်ပျက်ဆင်းပျက် စောင့်တွန်းခြင်းများ ကို ကိုယ်ထိလက်ရောက်ပြုမူခဲ့သဖြင့် ကွင်းလယ်ဒိုင်မှ တိုက်ရိုက်အနီကဒ်ပြသခဲ့သည်။ အဆိုပါ အနီကတ် အပေါ် မကျေနပ်သောကြောင့် ကျောနံပါတ် (၂၂) မင်းကျော်ခန့်က ကွင်းလယ်ဒိုင်အားထပ်မံ ရန်မူရန် အကြိမ် ကြိမ် ကြိုးစားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် တစ်ချိန်တည်းမှာပင် ရန်ကုန်ယူနိုက်တက်အသင်း၏ ဂိုးသမား ကျော်ဇင်ထက်သည် ပင်နယ် တီဖြစ်စဉ်အား မကျေနပ်၍ ရိုင်းပြစွာ အကြိမ်ကြိမ်ဆဲဆို၍ ကွင်းလယ်ဒိုင်အား စောင့်တွန်းခဲ့ရာမှ ဒိုင်မှ အ၀ါ ကဒ်ပြားထပ်မံပြသခဲ့ပြီး (၂) ၀ါ (၁) နီဖြင့် ထုတ်ပယ်ခဲ့သည်။ ထိုသို့ အနီကဒ်ပြခံရပြီးနောက် ကျော်ဇင်ထက် သည် ဒိုင်လူကြီးအား အကြိမ်ကြိမ်ဆဲဆိုခြင်း၊ ရန်မူခြင်းများကို အရုပ်ဆိုးအကျည်းတန်စွာ အကြိမ်ကြိမ် ပြုလုပ် ခဲ့သဖြင့် အသင်းဖော်များမှ ၀ိုင်းဝန်းထိန်းသိမ်း၍ ကွင်းအပြင်သို့ ခေါ်ထုတ်သွားခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် ရန်ကုန်ယူနိုက်တက်အသင်း ပရိသတ်များသည် ကွင်းအတွင်းသို့ ရေဗူးများဖြင့် ကစား သမား၊ ဒိုင်လူကြီးများနှင့် ပြိုင်ပွဲတာဝန်ရှိသူများထံသို့ ပစ်ပေါက်ခဲ့သလို ဟံသာဝတီယူနိုက်တက်အသင်း ဘက်ခြမ်းမှ ပရိသတ်အချို့မှလည်း ရေဗူးအချို့ ပစ်ပေါက်ခဲ့ကြောင်း သိရသည်။

ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ဂိုးသမားကျော်ဇင်ထက်သည် ကွင်းအတွင်းသို့ ၀င်ရောက်ကာ အသင်းဖော်များနှင့်အတူ အောင်ပွဲခံခဲ့ပြီး ဒိုင်လူကြီးများအား ကြမ်းတမ်းစွာဆဲဆိုခြင်း၊ ဟန်ပန်အမူအရာဖြင့် ပြုမူစော်ကားခြင်းများ ထပ်မံပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ်အတွက် ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ်(၁) ကျော်ဇင်ထက်အား လာမည့်ဘောလုံး ရာသီတွင် အနီးစပ်ဆုံး (၁၂) ပွဲ ပါဝင်ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ၁၀ သိန်း ပေးဆောင်ရန်၊ ကျောနံပါတ် (၂၂) မင်းကျော်ခန့်အား အနီးစပ်ဆုံး (၁၂) ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ရှစ်သိန်း ပေးဆောင်ရန်၊ ရန်ကုန်ယူနိုက်တက်အသင်း ပရိသတ်များသည် ကွင်းအတွင်းသို့ ရေသန့်ဗူးများဖြင့် ကစားသမားများ၊ ဒိုင်လူကြီးများနှင့် ပြိုင်ပွဲတာဝန်ရှိသူများထံ ပစ်ပေါက်ခဲ့သဖြင့် ဒဏ်ကြေးငွေကျပ် ၁၅ သိန်း ပေးဆောင်ရန်၊ ဟံသာဝတီယူနိုက်တက်အသင်းဘက်ခြမ်းမှ ပရိသတ်အချို့သည် ကွင်းအတွင်း ရေဗူး အနည်း ငယ်ပစ်ပေါက်ခဲ့သဖြင့်ဒဏ်ကြေးငွေကျပ် ၁၀ သိန်း ပေးဆောင်ရန် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။