Boxing ကစားသမားကနေ MMA ဖိုက်တာ ဖြစ်လာတဲ့ Bozhena Antoniyar

.

ဘန်ကောက်၊ အောက်တိုဘာ ၃ ။                ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်  အောက်တိုဘာလ ၆ ရက်နေ့မှာ ပထမဆုံးအကြိမ် ကျင်းပမည့် ONE: KINGDOM OF HEROES ပြိုင်ပွဲတွင် မြန်မာပြည်မှာ ပရိသတ်များအတွက် အကောင်းဆုံးရလဒ်ကို ယူဆောင်ပေးသွားမည်ဟု ကယန်းအမျိုးသမီး လက်ဝှေ့မယ်တစ်ဦးဖြစ်သည့် Bozhena Antoniyar နှင့် မဇ္ဈိမ သတင်းထောက် ဇေယျာမော်က တွေ့ဆုံမေးမြန်းထားသည်။

မေး။    ။ Boxing ကစားနည်းကို ဘယ်လိုရွေးချယ်ဖြစ်ခဲ့လဲ။

ဖြေ။     ။ ငယ်ငယ်တုန်းက Boxing ကို နားမလည်သေးဘူး။ ပြည်နယ်မှာတုန်းကတော့ အရမ်းကို အမြင်ကျဉ်းကြတယ်လေ။ မိဘတွေကအစပေါ့။ ကျွန်မ ဖြစ်ချင်တာကို သူတို့က နားမလည်ပေးနိုင်ဘူး။ အဲ့လိုနဲ့ သူတို့ကို ဆန့်ကျင်ပြီးတော့ ကျွန်မစိတ်ရှိရာ လုပ်လိုက်မယ်ဆိုတဲ့ အတွေးနဲ့ ဆန့်ကျင်ပြီး Boxing ကို ရွေးဖြစ်ခဲ့တာပါ။

မေး။    ။ Boxing ကစားနည်းကို ဘယ်လောက်ကြာကြာကစားဖြစ်ခဲ့လဲ။

ဖြေ။     ။ Boxing ကစားနည်းကို ၁၆ နှစ်သမီးကတည်းက ကစားလာခဲ့တာပါ။ နေပြည်တော်မှာပေါ့နော် ။ ၃ နှစ်လောက် အချိန်ယူကစားလာခဲ့တာပါ။

မေး။    ။ Boxing ကစားနည်းကနေ MMA ကစားနည်းဘက်ကို ဘယ်လိုကူးပြောင်းလာခဲ့လဲ။

ဖြေ။     ။ ဒီလို ကစားတာက မိသားစုကို ဆန့်ကျင်ပြီး လုပ်ခဲ့တာလေ။ ကျွန်မရဲ့ ဝါသနာကြောင့်ပါ။ Boxing  ကစားနည်းကို စပြီး ခြေလှမ်းစခဲ့တယ်။ ဒါပေမယ့် Boxing က အရမ်းရိုးရှင်းတဲ့ ကစားနည်းပေါ့နော်။ Boxing က မြန်မာနိုင်ငံထဲမှာပဲ ကစားရတဲ့ အားကစားလည်းဖြစ်တော့ ကိုယ့်ရဲ့ ဘဝအာမခံချက်ကလည်း မရှိဘူး။ တော်တော်လေးကို ချို့တဲ့တယ် ပြောရမှာပေါ့။ အဲ့ဒါကြောင့် သာမန်လူတစ်ယောက်လို ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ ရန်ကုန်မှာ အလုပ်တွေ လိုက်လုပ်တယ်။ အဲ့မှာ ဒီ One Championship က ပွဲစီစဉ်တဲ့သူက ကျွန်မကို တွေ့သွားတာပေါ့။ ကျွန်မကို MMA ကစားဖို့ပေါ့။ မြန်မာနိုင်ငံအတွက် ပထမအမျိုးသမီးဖိုက်တာကိုလည်း ဖြစ်စေချင်တဲ့အတွက် ကမ်းလှမ်းလာတယ်ပေါ့။သာမန်လူတစ်ယောက်အနေနဲ့ ရပ်တည်ချင်ပေမယ့်လည်း ကိုယ့်ရဲ့ဝါသနာက ရှိသေးတယ်ဆိုတော့ ဝါသနာနောက်ကို လိုက်သွားဖြစ်တာပါ။

မေး။    ။ MMA ကို စကူးပြောင်းခါစမှာ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။

ဖြေ။     ။ အခက်အခဲက အများကြီးရှိတယ်။ ကစားတဲ့အချိန်မှာ အခက်အခဲတွေရှိတယ်။ သူက ကစားနည်းတစ်ခုတည်းမဟုတ်ဘူးလေ။ ကျွန်မတို့အရင်က Boxing ကစားတဲ့အခါမှာ လက်နှစ်ဖက်နဲ့ပဲ ကစားရတာလေ။ အခု MMA ကစားမယ်ဆိုတော့ ခြေထောက်တွေနဲ့ရော နပန်းလုံးတာတွေရော ကရာတေးဒိုရော အားလုံးပေါ့ ။ ကျွန်မ ပြန်လေ့လာရတယ်။ ပြန်သင်ယူရတာပေါ့။

မေး။    ။ Boxing က ပြိုင်ဘက်နဲ့ MMA က ပြိုင်ဘက် ဘာကွာလဲ။

ဖြေ။     ။ Boxing မှာ တွေ့ခဲ့တဲ့ ပြိုင်ဘက်တွေက မြန်မာနိုင်ငံကပဲ ဖြစ်တယ်။ စောစောက ပြောခဲ့သလိုပဲ အရမ်းရိုးရှင်းတဲ့ ကစားနည်းလည်း ဖြစ်တယ်။ အားလုံးက အချင်းချင်းတွေပဲ ပတ်ပြီး ပြိုင်ရတာဆိုတော့ အခက်အခဲ သိပ်မရှိပါဘူး။ MMA ကို ကျွန်မပြန်ပြီးတော့ ခြေလှမ်းလှမ်းတဲ့အချိန်မှာ အရမ်းကို ခက်ခဲတာပေါ့။ ပထမဆုံးပွဲကလည်း မြန်မာနဲ့ပဲကစားရတာဆိုတော့ သိပ်ပြီးတော့ ကျွန်မအတွက် ပြဿနာ မရှိဘူးပေါ့။ အခု ဒီပြိုင်ပွဲအတွက်တော့ အကောင်းဆုံးပြင်ဆင်ထားတယ်။ အကောင်းဆုံးလည်း ကြိုးစားထားတယ်။

မေး။    ။ MMA ဖိုက်တာတစ်ယောက်ဖြစ်ဖို့ ဘာတွေပေးဆပ်ခဲ့ရလဲ။

ဖြေ။     ။ ကိုယ်က ဒီအားကစားနည်းတစ်ခုကို လုပ်တော့မယ်ဆိုရင် ရည်ရွယ်ချက်တစ်ခုကိုထားတော့မယ်ဆိုရင် အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ရတော့မယ်လို့လုပ်ရင် အရာအားလုံးကို စွန့်လွှတ်ရမှာပဲလေ။ ကျွန်မဆိုရင်လည်း အများကြီးစွန့်လွှတ်ခဲ့ရတယ်။အများကြီး ပေးဆပ်ခဲ့ရတယ်။ အချိန်တွေကော ငွေရော လူရော အရာအားလုံး ပေးဆပ်ခဲ့ရပါတယ်ရှင့်။

မေး။    ။ အခုထိုးရမယ့် ပြိုင်ဘက်ကစားသမားက အတွေ့အကြုံလည်းရှိတယ်။ သူ့နိုင်ငံမှာ လာထိုးရမယ်ဆိုတော့ စိတ်ထဲ ဘယ်လို ခံစားနေရလဲ။

ဖြေ။     ။ အစတုန်းကတော့ နည်းနည်းပေါ့နော်။ Pressure တော့ နည်းနည်းဖြစ်ချင်သလို ဖြစ်တာပေါ့။ ကိုယ့်ဘက်မှာ ပရိသတ်တွေလည်း အများကြီးရှိတယ်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုအများကြီး ရှိထားတော့ ဒီပြိုင်ပွဲရဲ့ ရလဒ်က ကျွန်မအတွက် အကောင်းဆုံးဖြစ်မယ်လို့ တွေးထားတယ်။ ကျွန်မယုံကြည်ထားတယ်၊ အကောင်းဆုံးဖြစ်ဖို့ကိုပဲ မျှော်လင့်ထားတယ်။

မေး။    ။ ဒီပြိုင်ပွဲမှာ နိုင်ဖို့ ဘယ်လောက်ထိ ယုံကြည်မှုရှိလဲ။

ဖြေ။     ။ ကျွန်မယုံကြည်မှုက အပြည့်အဝထားပြီးသားပါ။ အမြဲ ယုံကြည်မှု ထားထားတာပါ။ ဒါပေမယ့် စင်ပေါ်ရောက်ရင်တော့ မပြောတတ်ဘူးပေါ့နော်။ စင်ပေါ်မှာတော့ အကောင်းဆုံး လုပ်သွားဖို့တော့ ကြိုတင်ပြင်ဆင်ထားတယ်ရှင့်။

မေး။    ။ ကယန်းအမျိုးသမီးတစ်ယောက် အမျိုးသမီးဖိုက်တာတစ်ယောက်လည်းဖြစ်တယ်ဆိုတော့ ဘာများပြောချင်လဲ။

ဖြေ။     ။ ပထမဆုံး မြန်မာနိုင်ငံအတွက် အမျိုးသမီးဖိုက်တာတစ်ယောက်အနေနဲ့ ရပ်တည်ခွင့်ရတဲ့အတွက် ကျွန်မရဲ့ လူမျိုးအတွက်ရော၊ မြန်မာနိုင်ငံကြီးအတွက်ရော၊ ပရိသတ်ကြီးအတွက် ဂုဏ်ယူမိပါတယ်ရှင့်။

မေး။    ။ ကိုယ့်ရဲ့အနာဂတ်အိပ်မက်က ဘာဖြစ်မလဲ။

ဖြေ။     ။ ကျွန်မ ရှေ့လျှောက် MMA နဲ့ လက်တွဲပြီး အားလုံးက ကိုယ့်ကြောင့် ဂုဏ်ယူရမယ့်လူတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်သွားမှာပါ။ မြန်မာနိုင်ငံကြီးအတွက်လည်း ခါးပတ်ရအောင် ယူပေးသွားမှာပါရှင်။မြန်မာနိုင်ငံကြီးအတွက် အကောင်းဆုံးရလဒ်တစ်ခု စိုက်ထူပေးသွားမှာပါ။

မေး။    ။ အဲ့လိုအချိန်ကျရင် ကိုယ့်ဒေသ ကိုယ့်နိုင်ငံအတွက် ဘာတွေပြန်လုပ်ပေးဖို့ ရှိလဲ။

ဖြေ။     ။ ကျွန်မ ဒေသအတွက် အများကြီးကို စိတ်ကူးထားပါတယ်ရှင့်။ ဒီထက်မက အောင်မြင်သွားခဲ့ရင် တတ်နိုင်တဲ့ဘက်က အကောင်းဆုံးပြန်ပြီးတော့ပြုစုပျိုးထောင်ပေးမယ်။   ပြန်လည်ရပ်တည်ပေးမယ်။ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားပေးသွားမှာပါရှင့်။

မေး။    ။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပရိသတ်ကြီးကိုရော ဘာပြောချင်သေးလဲ။

ဖြေ။     ။ အားပေးတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်တာပေါ့နော်။ သူတို့ကိုယ်တိုင်လည်း လာနိုင်ချင်မှ လာနိုင်ကြမယ်။ ကိုယ်တိုင်လာအားပေးနိုင်တဲ့ပရိသတ်ကြီးလည်း လာအားပေးပါပေါ့နော်။ အားမပေးနိုင်ပေမယ့်လည်းအဝေးကနေ အားပေးကြတဲ့ပရိသတ်ကိုလည်း ကျွန်မကိုဆက်ပြီးတော့ အားပေးကြပါ။ ဒီ ၆ ရက်နေ့ပွဲကိုလည်းစောင့်မျှော်အားပေးကြပါလို့ ကျွန်မ ပရိသတ်ကြီးအတွက် အကောင်းဆုံးရလဒ်ကို ယူဆောင်လာပေးပါမယ်လို့ပြောချင်ပါတယ်။

National Boxing Champion တွင် နှစ်ထပ်ကွမ်းချန်ပီယံဖြစ်သူ Bozhena Antoniyar သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ONE: QUEST FOR GOLD ပြိုင်ပွဲကြီးတွင် တစ်နိုင်ငံတည်းသူ ရွှေစင်ကို ၂၄ စက္ကန့်အတွင်း ယှဉ်ပြိုင်အနိုင်ယူခဲ့သည်။