လက်ဘနွန်နှင့် ခြေစစ်ပွဲကို ဇော်မင်းထွန်း၊ အောင်ဇော်၊ ဒေးဗစ်ထန်း တို့ လွဲချော်မည်

လက်ဘနွန်နှင့် ခြေစစ်ပွဲကို ဇော်မင်းထွန်း၊ အောင်ဇော်၊ ဒေးဗစ်ထန်း တို့ လွဲချော်မည်
လက်ဘနွန်နှင့်ပွဲတွင် ပွဲပယ်ခံထားရသည့် မြန်မာနောက်ခံလူ အောင်ဇော်။ (ဓာတ်ပုံ- MFF)

စက်တင်ဘာ ၈၊ ရန်ကုန်။ ။ ကမ္ဘာ့ဖလားခြေစစ်ပွဲ စတုတ္ထပွဲအဖြစ်ကစားမည့် လက်ဘနွန်အသင်းနှင့် ပွဲကို မြန်မာအသင်း၏ အဓိက နောက်ခံကစားသမားများဖြစ်သော ဇော်မင်းထွန်း၊ အောင်ဇော်၊ ဒေးဗစ်ထန်း စသည့် ကစားသမားများ လွဲချော်မည် ဖြစ်သည်။ အောင်ဇော်သည် ပြီးခဲ့သည့် ကူဝိတ်အသင်းနှင့်ပွဲတွင် တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ကြောင့် သုံးပွဲ ပွဲပယ်ခံထားရပြီး ဇော်မင်းထွန်းနှင့် ဒေးဗစ်ထန်းသည် ဒဏ်ရာအနေအထားကြောင့် လက်ဘနွန်နှင့်ပွဲကို လွဲချော်ခြင်း ဖြစ်သည်။

မြန်မာအသင်းလက်ရှိလူစာရင်း၌ ခံစစ်အတွင်းလူ ကစားသမားအဖြစ် ဖြိုးကိုကိုသိန်း၊ ဇော်လင်း တို့အပြင် ဇော်ရဲထွန်းကို အားဖြည့် ခေါ်ယူထားပြီး တိုက်စစ်၌လည်း ယူ-၂၃ အသင်းမှ တိုက်စစ်မှူးရှိုင်းသူရ ကို ထပ်မံ ခေါ်ယူထားသည်။“ လက်ဘနွန်နဲ့ ပွဲအတွက် အောင်ဇော် ပွဲပယ်ခံထားရပြီး ဇော်မင်းထွန်း၊ ဒေးဗစ်ထန်းကလည်း ဒဏ်ရာရှိနေပါတယ်။ ဒါကြောင့် လူသစ်တွေကို သုံးသွားမှာပါ။ နယူးဇီလန်ပွဲမှာ နောက်တန်းကစားသမားလေးတွေ အပါအဝင် ဂိုးသမား မျိုးမင်းလတ်လည်း အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ လာမယ့် လက်ဘနွန်နဲ့ပွဲမှာ ဖြိုးကိုကိုသိန်း၊ ဇော်လင်း၊ နန္ဒကျော် စတဲ့ ခံစစ်အတွဲပဲ ဆက်ကစားဖို့ ဖြစ်နိုင်ပါတယ်။ ခံစစ်နေရာအတွက် သူတို့ထက်ပိုကောင်းမယ့် နောက်ထပ်ကစားသမားသစ်လည်း မရှိနိုင်သေးဘူးလို့ ထင်ပါတယ်။ ခြေစစ်ပွဲကိုတော့ တစ်ပွဲချင်းစီ အကောင်းဆုံး ပြင်ဆင်သွားမှာပါ ” ဟု မြန်မာ့လက်ရွေးစင်အသင်းနည်းပြမိုဗစ်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ် သုံးပွဲ ကစားပြီးချိန်၌ တစ်ပွဲသရေ နှစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ် တစ်မှတ်သာ ရရှိထားပြီး လက်ရှိ အုပ်စုတွင်း အဆင့်ရပ်တည်မှု အောက်ဆုံးတွင် ကျရောက်လျက်ရှိသည်။ မြန်မာအသင်းနှင့် လက်ဘနွန်အသင်းတို့ပွဲကို လာမည့် အောက်တိုဘာ ၈ ရက်တွင်  ထိုင်းနိုင်ငံ ရာဇမင်္ဂလာကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required