မြန်မာနိုင်ငံတွင် Labeling Law မရှိသောကြောင့် စားသုံးသူများအတွက် အခက်အခဲများ ရှိနေ

.

အောက်တိုဘာ ၁ ။           ။ မြန်မာနိုင်ငံတွင် Labeling Law မရှိသည့်အတွက် ထုတ်ကုန်များတွင် ပါဝင်သောပစ္စည်းများ၊ သက်တမ်းကုန်ဆုံး မည့်အချိန်များကို စားသုံးသူများအနေဖြင့် မသိရှိဘဲ အခက်အခဲများကြုံတွေ့ရကြောင်း မြန်မာနိုင်ငံစားသောက် ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးရဲမြင့်မောင်ကပြောသည်။

 "ဈေးကွက်ထဲမှာ Labeling Law မရှိတဲ့အတွက် Labeling Lawကို ကြိုးစားပြီး ကျွန်တော်တို့လုပ်နေကြပါတယ်။ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီးလုပ်နေပါတယ်။ Labeling Lawမရှိတဲ့အတွက် ဒီထုတ်ကုန်က ဘာတွေထည့်ထား သလဲ ဘယ်တော့မှာ Expire ဖြစ်မှာလဲ ဘယ်သူကထုတ်လုပ်တာလဲ ဘယ်သူကဖြန့်ချိတာလဲ ဆိုတာတွေမပါ ဘူး။ ပါခဲ့ရင်လည်း အင်္ဂလိပ်လိုဘာသာစကားတွေနဲ့ သူ့သက်ဆိုင်ရာတိုင်းပြည်ရဲ့စာတွေဖြစ်နေတဲ့အတွက် ကျွန် တော်တို့စားသုံးသူတွေက မသိနိုင်ဘူး" ဟု ဦးရဲမြင့်မောင် ကပြောသည်။

 စားသောက်ကုန်များတွင် စားသုံးသူများသိရှိပြီး ရွေးချယ်ဝယ်ယူနိုင်စေရန်အတွက် ကုန်ပစ္စည်း အမှတ်တံဆိပ် များတွင် မြန်မာဘာသာစကား ကျိန်းသေပေါက်ထည့်သွင်းရမည်ဆိုသည့် သတ်မှတ်ချက်များ ဖြစ်ပေါ်လာစေရန်  သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးတိုင်ပင်ဆောင်ရွက်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

 ထို့အပြင် မြန်မာနိုင်ငံစား သောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ကြီးမှူး၍ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲကို ၂၀၁၈ခုနှစ် အောက်တိုဘာ ၅ရက်တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 "ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့ စားသောက်ကုန်တွေထုတ်လုပ်ဖို့အတွက် နိုင်ငံတော်က လည်း ဒီနှစ်ထဲမှာ ပိုပြီးတွန်းအားပေးလာတယ်။ ပြည်သူလူထုကျန်မားရေးကို ပိုပြီးစဉ်းစားလာတယ်။ စဉ်းစား လာတဲ့အခါကျတော့ စားသောက်ကုန်လုပ်ငန်းတွေရဲ့ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေး ညီညွတ်ဖို့ အတွက်ဆိုရင် သူနဲ့လိုက်ဖက်ညီတဲ့ ဥပဒေတွေ နည်းဥပဒေတွေ ပေါ်လစီတွေ ညွှန်ကြားချက်တွေလိုတယ်။ ဒါတွေကို စားသောက်ကုန်ထုတ်လုပ်သူတွေ သတင်းမီဒီယာတွေ စားသုံးတွေအားလုံးသိဖို့ အရေးကြီးဆုံး လိုအပ်တယ်" ဟု မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးစိန်သောင်းဦး ကပြော သည်။

 ယခုကျင်းပသွားမည့် ဆွေးနွေးပွဲသည် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ၂၀၁၇ခုနှစ်တွင် ပထမအကြိမ် ပြုလုပ်ခဲ့ကြောင်း ယခုဆွေးနွေးပွဲတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အသင်းအဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။