အင်ဒိုနီးရှားနှင့်ဘိုလီဗီးယားတို့နှင့် ခြေစမ်းမည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းလူစာရင်း ထုတ်ပြန်

.

ရန်ကုန်၊စက်တင်ဘာ ၂၈ ။            ။ အောက်တိုဘာလအတွင်း အင်ဒိုနီးရှား ၊ ဘိုလီဗီးယား အသင်းတို့နှင့် ခြေစမ်းပွဲများ ကစားမည့် မြန်မာဘောလုံး အသင်း၏ ပဏာမ ကစားသမားစာရင်းကို မြန်မာအသင်း နည်းပြချုပ် အန်တွမ်နီဟေးက ထုတ်ပြန် ကြေညာ ခဲ့သည်။

၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသော မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တို ဘာ ၁၀ ရက်နေ့၌ အင်ဒိုနီးရှားနိုင်ငံတွင် အင်ဒိုနီးရှားလက်ရွေးစင် အသင်းနှင့်လည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်နေ့၌ ရန်ကုန်မြို့တွင် ဘိုလီဗီးယား လက်ရွေးစင်အသင်းနှင့်လည်းကောင်း နိုင်ငံတကာ ခြေစမ်းပွဲ ၂ ပွဲကို ယှဉ်ပြိုင် ကစားသွားမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြေညာထားသည်။

အဆိုပါ ခြေစမ်းပွဲများအတွက် ထုတ်ပြန်လိုက်သည့် ကစားသမားစာရင်းတွင် ပြည်ပကလပ်များ၌ ကစားနေ သည့် အောင်သူ (Police Tero) နှင့် ကောင်းဆက်နိုင် (Samut Sakhon) တို့ပါဝင်လာပြီး သန်းထက်အောင်၊ သီဟထက်အောင် (ဇွဲကပင်)၊ မျိုးကိုထွန်း၊ သိန်းသန်းဝင်း၊ ရဲကိုဦး (ရတနာပုံ) တို့လည်း ပါဝင်လာခဲ့သည်။

" ကျွန်တော်တို့ လိဂ်ပွဲစဉ်တွေကို လအတန်ကြာ လိုက်လံကြည့်ရှုပြီး Scouting လုပ်ခဲ့ပါတယ်။ နိုင်ငံတကာ ပွဲအချို့လည်း ကစားပြီးခဲ့ပါပြီ။ အခု ပဏာမ လူစာရင်းကိုတော့ ကစားသမားတွေရဲ့ လက်ရှိ စွမ်းဆောင်မှုနဲ့ သူတို့အရည်အချင်းကို သေသေချာချာ ဆန်းစစ်ပြီးမှ ရွေးချယ်ထားတာပါ။ လာမယ့် ဆူဇူကီးဖလားမှာ အောင်မြင်ဖို့အတွက် လိုအပ်တာတွေ သူတို့ဆီမှာ ရှိနေတယ်လို့ ယုံကြည်ထားပါတယ်။ လောလောဆယ် အင်ဒိုနီးရှား၊ ဘိုလီဗီးယား တို့နဲ့ ပွဲစဉ်တွေအပေါ် အာရုံစိုက်ထားပါတယ်။ ဒီခြေစမ်းပွဲတွေက ကျွန်တော်တို့ရဲ့ ငယ်ရွယ်တဲ့ လက်ရွေးစင်အသင်း အတွက် အားရကျေနပ်စရာ အခွင့်အလမ်းတစ်ခုဖြစ်ပြီး ဒီလို အဆင့်မြင့် ပွဲစဉ်တွေကနေ အတွေ့အကြုံကောင်းတွေ အများကြီးရယူနိုင်မှာပါ" ဟု မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ် အန်တွမ်နီဟေးက ပြောကြားသည်။

ပဏာမ မြန်မာ့လက်ရွေးစင်အသင်း၏ ကစားသမား ၂၇ ဦးစာရင်းတွင် ဂိုး - ကျော်ဇင်ထက်၊ ဘုန်းသစ္စာမင်း၊ ဆန်းဆက်နိုင် ၊နောက်ခံလူများအဖြစ် ဒေးဗစ်ထန်း ၊ ထိုက်ထိုက်အောင် ၊နန္ဒကျော် ၊ စိုးမိုးကျော် ၊ သိန်းသန်းဝင်း ၊ သီဟထက်အောင်၊ ၀င်းမိုးကျော် ၊ ပြည့်ဖြိုးဇော်၊ ကွင်းလယ်လူများအဖြစ် လှိုင်းဘိုဘို ၊ ထက်ဖြိုးဝေ ၊လံင်မိုးအောင် ၊ မောင်မောင်စိုး ၊ စည်သူအောင် ၊ သန်းထက်အောင် ၊ရန်နိုင်ဦး ၊ ရဲကိုဦး ၊ရဲရင့်အောင် ၊ မျိုးကိုထွန်း တို့ပါဝင်လာခဲ့သည်။ ရှေ့တန်းတွင် အီစိုး ၊ အောင်သူ ၊ ကောင်းဆက်နိုင် ၊ မြတ်ကောင်းခန့် ၊ မောင်မောင်လွင် ၊ ဇင်မင်းထွန်း စသည့် ကစားသမားများ ပါဝင်လျှက်ရှိသည်။

"လက်ရှိအခြေအနေက အသင်းကို လူငယ်ကစားသမားတွေ ပိုမို တာဝန်ယူရမယ့် အခြေအနေပါ။ သူတို့ အတွက်လည်း အချိန်ကောင်းပါပဲ။ လူငယ်မျိုးဆက်တွေ အနေနဲ့ ရင့်ကျက်ချိန်တန်ပြီ ဖြစ်သလို အသင်းကို ဦးဆောင် မောင်းနှင်ချိန်လည်းတန်ပါပြီ။ ဒါကြောင့် ချန်ထားရစ်ခဲ့ရတဲ့ နောက်ခံလူ ဇော်မင်းထွန်းဆိုရင် ကစားသမားကောင်း တစ်ဦးဖြစ်သလို ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာ လက်ရွေးစင် အသင်းအတွက် သော့ချက် ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ အခုကတော့ လူငယ်တွေ တာဝန်ယူရတော့မယ့် အချိန်ဖြစ်လာပါပြီ။ ဇော်မင်းထွန်းဟာ ကျွန်တော်တို့လိုအပ်တဲ့ အချိန်တစ်ခုမှာတော့ အသင့် အသုံးပြုနိုင်မယ့် ကစားသမားတစ်ဦး လည်း ဖြစ်ပါတယ်" ဟု နည်းပြချုပ် အန်တွမ်နီဟေးက ဆိုသည်။

အဆိုပါ ကစားသမားများဖြင့် မြန်မာ့လက်ရွေးစင် အသင်းကို စက်တင်ဘာလ ၂၈ ရက်နေ့ညနေတွင် စတင် စုစည်း လေ့ကျင့်မှုများ စတင် ပြုလုပ်သွားမည်ဟု သိရသည်။