ရခိုင်ရေဘေးသင့်ကျေးရွာများ၌ သူနာပြုများ ထားရှိစေလိုကြောင်း တောင်းဆိုကြ

ရခိုင်ရေဘေးသင့်ကျေးရွာများ၌ သူနာပြုများ ထားရှိစေလိုကြောင်း တောင်းဆိုကြ
Photo credit Mizzima/ DMG

စက်တင်ဘာ ၈ ရက် ။         ။ ရခိုင်ပြည်နယ်တွင် ရေဘေးသင့်ဒေသခံများကို ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများ လှူဒါန်းကြသည်ကို ကြိုဆိုသော်လည်း ကျန်းမာရေးစောင့်ရှောက်မှု အားနည်း သည့် ဒေသများတွင် သူနာပြုများ နေထိုင်စောင့်ရှောက်စေ လိုသည်ဟု ဒေသခံများက ပြောဆိုကြသည်။

တချို့ကျေးရွာများက နေထိုင်စရာ အဆောက်အဦးများပင် ဆောက်လုပ်ပေးမည်ဟု ရေဘေးသင့်ဒေသခံများက တောင်းဆိုကြသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပဲဇီးနန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးလှမောင်သိန်းက "ရေကြီးပြီးနောက်ပိုင်း ကျန်းမာရေးက သိပ်မကောင်းကြဘူး။ ကျွန်တော်တို့ရွာက အဘိုးကြီးတစ်ယောက်ဆိုရင် ပုဏ္ဏားကျွန်း နဲ့မနိုင်လို့ စစ်တွေသွားကုတယ်။ ဒါပေမယ့် အသက်မရှင်ခဲ့ပါဘူး။ ကျွန်တော်ကတော့ ကိုယ့်ရွာအပြင် အနီးအနားကျေးရွာတွေ အဆင်ပြေအောင်ဆိုပြီး ကျန်းမာရေးမှူးကို ဆေးခန်းတွေ လုပ်ပေးဖို့တောင်းဆို ပါတယ်။ ဒါပေမယ့် ကျန်းမာရေးမှူးက ဝန်ထမ်းတွေ မရှိဘူး။ နာ့စ်မတွေ မလုံလောက်လို့ဆိုပြီး ချမပေးဘူးလို့ ပြောပါတယ်။ ဆေးခန်းဆောက်ပေးရပါစေ ဆောက်ပေးမှာပါ။ လုံခြဲုအောင်လည်း လုပ်ပေးမှာပါ။ အဓိက သူနာပြုဆရာမတွေ ကောင်းကောင်းရဖို့ပဲလိုပါတယ်။" ဟု ပြောသည်။

ရေဘေးသင့်ဒေသများတွင် တိုက်နယ်ဆေးရုံဆေးပေးခန်းမရှိသဖြင့် ကျန်းမာစောက်ရှောက်မှုအားနည်းခြင်းကြောင့် အသက်ဆုံးရှုံးရသူများရှိသည့်ပြင် ရေကြီးကာလ မီးဖွားသည့် မိခင်များမှာလည်း လက်ရှိရေကျပြီးနောက်ပိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု မြောက်ဦးမြို့နယ် နန်းကျကျေးရွာမှ အမျိုးသမီးတဦးကပြောသည်။

"ကလေးမွေးတော့ သွားဖွားဆရာမတွေ မရှိဘူး။ မြို့နဲ့လည်းဝေးတော့ သေတဲ့သူတွေလည်း သေသွားကြတယ်။ အဓိကတော့ သွားဖွားဆရာမတွေ၊ ဆေးပေးခန်းတွေ လိုအပ်ပါတယ်။ ကျမတို့ မိန်းမသားတွေအတွက် လိုအပ်သလို ကလေးတွေအတွက်လည်း လိုအပ်ပါတယ်။" ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနနှင့် နိုင်ငံတကာကူအညီပေးရေးအဖွဲ့များဖြစ်သည့် ICRC ၊ UNHCR အဖွဲ့တို့နှင့်အတူ ရေဘေးသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေကြောင်း ပြည်နယ် အစိုးရသတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ကျေးရွာအများစုတွင် ဒေသခံရခိုင်တိုင်းရင်းသားများမှာ စာပေတတ်မြောက်သူ နည်းပါးသဖြင့် ကျန်းမာရေး ဗဟုသုတ၌ အားနည်းကြပြီး အသက်မဆုံးသင့်ဘဲ သေဆုံးသွားကြရကြောင်း အဆိုပါ နန်းကျကျေးရွာမှ အမျိုးသမီးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required