အနောက်ဘက်ကမ်းမှ ပါလက်စတိုင်းအဆောက်အအုံ ထောင်ပေါင်းများစွာမှာ အစ္စရေး၏ ဖျက်မိန့်များအောက်တွင် အခြိမ်းခြောက်ခံနေရ

အနောက်ဘက်ကမ်းမှ ပါလက်စတိုင်းအဆောက်အအုံ ထောင်ပေါင်းများစွာမှာ အစ္စရေး၏ ဖျက်မိန့်များအောက်တွင် အခြိမ်းခြောက်ခံနေရ

ဂျေရုဆလင်၊ စက်တင်ဘာ - ၈ ။          ။ စက်တင်ဘာ ၇ရက်နေ့က ကုလသမဂ္ဂ၏ ပြောကြားချက်အရ လက်ရှိတွင် အနောက်ဘက်ကမ်း (West Bank)ရှိ ပါလက်စတိုင်း အဆောက်အအုံ ၁၃၀၀၀ခန့်မှာ အစ္စရေး၏ ဖြိုဖျက်ရန် အမိန့်အာဏာအောက်တွင် အကြုံးဝင်ကျရောက်လျှက်ရှိနေသောကြောင့် ဌာနေများနှင့် နေအိမ်များမှာ ကာလရှည် မသေချာမရေရာမှုနှင့် ခြိမ်းခြောက်မှုတို့နှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။  

ဖြိုဖျက်ရန် အမိန့်များကို တားဆီးရန် လိုအပ်သည့် အဆောက်အဦးခွင့်ပြုချက်များ ရယူရာတွင် ပါလက်စတိုင်းများ ကြုံတွေ့နေရသည့် အခက်အခဲများကို ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေး အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်က မီးမောင်းထိုးပြထားသည်။

ခြိမ်းခြောက်မှုအောက်တွင်ဟု အမည်ပေးထားသည့် အဆိုပါအစီရင်ခံစာက  ခန့်မှန်းခြေ ပါလက်စတိုင်းအဆောက်အအုံ ၁၃၀၀၀နှင့် သက်ဆိုင်နေသည့် အစ္စရေး၏ ဖြိုဖျက်မိန့် ၁၁၀၀၀ကျော်မှာ သိမ်းပိုက် ထားသော အနောက်ဘက်ကမ်း မြေပြင်ကျယ်ကြီးအတွင်း အကောင်အထည်ဖော်ရန် စောင့်ဆိုင်းနေကြသည်ဟု ဖော်ပြခဲ့သည်။

''ထုတ်ပြန်ထားတဲ့ အမိန့်အနည်းငယ်ကိုပဲ အကောင်အထည်ဖော်ရသေးပေမယ့်လည်း ဒီအမိန့်တွေက လုံးဝကြီး ပျက်ပြယ်မသွားသေးတော့ ဒီအမိန့်တွေထဲမှာ အကြုံးဝင်နေတဲ့ အိမ်ထောင်စုတွေဟာ မသေချာမရေရာနဲ့ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမှာ နေနေကြရတယ်''ဟု အစီရင်ခံစာက ပြောကြားခဲ့သည်။

''အမိန့်ကို အကောင်အထည်ဖော်တဲ့နေရာတွေမှာ အဖယ်ရှားခံရမှုတွေနဲ့ သက်မွေးဘဝတွေပျက်ပြားပြီး ဆင်းရဲမှုအမြစ်တွယ်လာလို့ အကူအညီတွေအပေါ်မှာ တိုးတိုးပြီး မှီခိုလာရလိမ့်မယ်''ဟုလည်း အစီရင်ခံစာက ပြောကြားခဲ့သည်။ အစီရင်ခံစာက နယ်မြေ၏ ၆၀ရာခိုင်နှုန်းကျော်ကို လွှွမ်းခြုံထားသည့် ဧရိယာ စီဟု သိထားကြသော အစ္စရေးက အပြည့်အဝထိန်းချုပ်ထားသော အနောက်ဘက်ကမ်းမှ အာဏာပိုင်များ၏ အချက်အလက်များကို ကိုးကားထားခြင်းပင်ဖြစ်သည်။ ဧရိယာစီမှာ ၁၉၉၅ခုနှစ် အော့စလိုသဘောတူညီချက်များအရ ဖန်တီးခဲ့သည့် အုပ်ချုပ်ရေးဒေသတစ်ခုဖြစ်သည်။

၁၉၈၈ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း အစ္စရေးက ပါလက်စတိုင်းပိုင် အဆောက်အအုံများကို ဖြိုဖျက်ရန်အမိန့် ၁၄၀၀၀ကျော်ကို ထုတ်ပြန်ခဲ့ရာ ယင်းတို့အနက် အမိန့်ပေါင်း ၁၁၀၀၀ကျော်မှာ ယခုထက်တိုင် အကောင်အထည်မဖော်ရသေးဘဲ ရှိနေခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required