NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မွေ့ထိုင်းလက်ဝှေ့ကြိုးဝိုင်းထဲက နှုတ်ခမ်းနီ၊ ပါးနီနဲ့ လိင်ပြောင်းအမျိုးသမီး လက်ဝှေ့ကျော် အဆိပ်ပြင်းနှင်းဆီ

.

ဘန်ကောက်၊ စက်တင်ဘာ ၂၆ ။            ။ မျက်နှာမှာ ပေါင်ဒါအဖွေးသား၊ နှုတ်ခမ်းနီ၊ ပါးနီနဲ့ မျက်ခုံးမွှေးပါ ခြယ်သထားတဲ့ ထိုင်းလိင်ပြောင်းအမျိုးသမီး လက်ဝှေ့ကျော် နောင်ရို့စ်ဟာ မွေ့ထိုင်းကြိုးဝိုင်းထဲ ခုန်ဝင်ပြီး ပြိုင်ဖက်အမျိုးသား လက်ဝှေ့သမားတွေကို ယှဉ်ပြိုင်ထိုးသတ်ဖို့အပြင်  ခွဲခြားဆက်ဆံခံရမှုကို အလဲထိုးတိုက်ဖျက်ဖို့ စိတ်ပိုင်းဖြတ်ထားသူပါ။

“ကျွန်မ ကြိုးဝိုင်းထဲ ရောက်သွားတာနဲ့ အနိုင်ပန်းနိုင်ဖို့ကိုပဲ ခေါင်းထဲ ထည့်တယ်။”လို့ အရှေ့ပိုင်း ဖီမိုင်မြို့က ထိုးသတ်ပွဲတစ်ပွဲ မစခင် အပြာရောင်ဝမ်းဆက်ဂါဝန်နဲ့ Hello Kitty အိကို  လွယ်ထားတဲ့ အသက် ၂၁ နှစ်ရှိ နောင်ရို့စ်က အီးပီအေသတင်းဌာနကို ပြောပါတယ်။

နောင်ရို့စ်ရဲ့ ကြွက်သားစိုင်တွေနဲ့ ကိုယ်ခန္ဓာကို နည်းပြဆရာက ဒဏ်ကျေဆေးတွေ လိမ်းကျံပွတ်သပ်ပေးရင်း အကြံပေးစကားတွေ ပြောနေချိန်မှာတော့ သူ့ပရိသတ်ဒါဇင်များစွာ လာရောက်ကြည့်ရှုပြီး ဒီအမျိုးသမီး သူရဲကောင်း နောင်ရို့စ် အနိုင်ရဖို့ ဆုတောင်းပေးနေကြပါတယ်။

“အဆိပ်ပြင်းနှင်းဆီ”လို့ နာမည်ရတဲ့  နောင်ရို့စ်ဟာ ဦးလေးဖြစ်သူ နာမည်ကြီး မွေ့ထိုင်းလက်ဝှေ့သမားဟောင်းကို အားကျရာကနေ အသက် ရှစ်နှစ်အရွယ်ကစပြီး မွေ့ထိုင်းစသင်ကတည်းက အခက်အခဲအတားအဆီးတွေ များစွာကို ကျော်လွှားခဲ့ရသူပါ။

“ကျွန်မ ဆယ့်သုံးနှစ်အရွယ်မှာတော့ ကျွန်မရဲ့ လိင်စိတ်ထားကို ကြေညာလိုက်ပါတယ်။ မွေ့ထိုင်းလောကမှာ ကျွန်မကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ရတယ်။ နောက်ပြီး ကြိုးဝိုင်းထဲ ထိုးသတ်ချိန်မှာ ပြိုင်ဖက်လက်ဝှေ့သမားတွေက ရင်ဘတ်ဗလာနဲ့ပေမယ့် ကျွန်မက အားကစား ဘရာစီယာကို ၀တ်တာကိုလည်း အမြတ်ထုတ်တာပဲလို့ စွပ်စွဲကြတယ်။”ဆိုပြီး ရို့စ်က ပြောပါတယ်။

ရို့စ်ဟာ လက်ရှိမှာဆိုရင် ဒီမွေ့ထိုင်းလက်ဝှေ့အားကစားမှာ တစ်ဦးတည်းသော လိင်ပြောင်းလက်ဝှေ့ကျော်ပဲ ဖြစ်ပါတယ်။ နောင်ရို့စ်ဟာ ၁၉၉၉ မှာ မွေ့ထိုင်းလောကက အငြိမ်းစားယူသွားတဲ့ နောင်သွမ်းရဲ့ ခြေရာအတိုင်း လိုက်ခဲ့တာ ဖြစ်ပါတယ်။

နောင်သွမ်းဟာဆိုရင် မွေ့ထိုင်းအားကစားက အငြင်းပွားဖွယ် စံနှုန်းတွေကို ချိုးဖျက်လိုက်တဲ့ ပထမဆုံး မိန်းမစိတ် ၀င်နေသူဖြစ်ပြီးနောက် လိင်ပြောင်းလဲပြီး မွေ့ထိုင်းလောကက အငြိမ်းစားယူခဲ့သူ ဖြစ်ပါတယ်။

“ဝေဖန်သူတွေက ကျွန်မကို ထိုးနှက်ကြတယ်။ ဒါတွေက ကျွန်မကို အနိုင်ရဖို့ စေ့ဆော်ပေးသလို ဖြစ်စေတယ်။ တစ်ချို့ပြိုင်ဖက်တွေကတော့ မိတ်ကပ်တွေနဲ့ ကျွန်မကို မြင်တော့ ကျွန်မကို လျှော့တွက်ကြတယ်လေ။ သူတို့ကို ယှဉ်မထိုးနိုင်ဘူးလို့ ထင်ကြတာပေါ့။ အဆုံးမှာတော့ လက်ဝှေ့ပွဲမှာ ကျွန်မ အနိုင်ရလိုက်တာပါပဲ။”လို့ ပွဲပေါင်း ခြောက်ဆယ်ကျော် အနိုင်ရထားတဲ့ အဆိပ်ပြင်းနှင်းဆီ နောင်ရို့စ်က ဆိုပါတယ်။

“ကျွန်မလိုချင်တာကတော့ ခွဲခြားဆက်ဆံခံရလို့ စိတ်ဓာတ်အားငယ်နေတဲ့ မိန်းမလျာစိတ် ရှိသူ သူငယ်ချင်းအားလုံးကို အားပေးမြှင့်တင်ပေးချင်တာပါပဲ။”လို့ စူပါဖယ်သာဝိတ်တန်းမှာ အနိုင်ပန်းထားတဲ့ နောင်ရို့စ်က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ LGBT (လိင်စိတ်သွေဖယ်သူ)အသိုင်းအ၀န်းကို လက်ခံတဲ့ ပုံစံမျိုး ရှိနေပေမယ့်လည်း ဒုတိယတန်းစား နေရာမှာ ထားပြီးပဲ ဆက်ဆံနေတုန်းပဲလို့ လူမှုအခွင့်အရေးအုပ်စုတွေက ပြောပါတယ်။

“ကျွန်မရဲ့ မိသားစုကတော့ ကျွန်မဖက် အမြဲရှိနေပေးတယ်။ ခုခေတ်ဟာ မျိုးဆက်သစ်ခေတ်ပဲ။ ပိုပြီးလက်ခံလာပြီး ပိုလို့လည်း အပြုသဘောဆောင်လာပြီ ဖြစ်ပါတယ်။”လို့ အဆိပ်ပြင်းနှင်းဆီက ပြောသွားခဲ့ပါတော့တယ်။