NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မိတ္ထီလာတွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးအား ဝိုင်းဝန်းထိုးကြိတ်ခဲ့သည့် လူငယ် ၆ဦးအား အရေးယူ

.

ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန

 နေပြည်တော်(စက်တင်ဘာ ၂၆ရက်၊ ၂၀၁၈ခုနှစ်)။           ။ မိတ္ထီလာမြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်သားနှစ်ဦးအား လူငယ်(၆)ဦးက ဝိုင်းဝန်းထိုးကြိတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အဆိုပါ လူငယ်(၆)ဦးစလုံးကို ပြည်သူ့ဝန်ထမ်းအား ပြင်းထန်စွာနာကျင်စေမှု၊ ဆဲဆိုမှု၊ အားပေးကူညီမှု ပုဒ်မတို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက်၊ ၄နာရီခွဲအချိန်က မိတ္ထီလာမြို့၊ သီရိမင်္ဂလာရပ်ကွက်၊ နာရီစင်အနီးတွင် ပေါက်ချောင်းကွက်သစ်ရပ်ကွက်တွင် နေထိုင်သော လှမင်းထက် မောင်းနှင်ပြီး အောင်ကိုဦး လိုက်ပါစီးနင်းသည့် ဆိုင်ကယ်နှင့် အဆိုပါ ရပ်ကွက်နေ ညီညီကျော် မောင်းနှင်ပြီး လှမျိုးသန်းတို့ လိုက်ပါစီးနင်းသည့် ဆိုင်ကယ် နှစ်စီးမှာ အချင်းချင်း ချိတ်မိပြီး လဲကျခဲ့ရာမှ ညီညီကျော်နှင့် လှမျိုးသန်းတို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်။

 ထို့ကြောင့် မိတ္ထီလာပြည်သူ့ဆေးရုံ၌ ပြသစဉ် တာဝန်ကျဆရာဝန်၏ မေးမြန်းမှုအပေါ် ကျေနပ်မှုမရှိသဖြင့် ဆေးရုံမှ ထွက်သွားခဲ့ပြီး အဆိုပါ လူငယ် ၆ ဦး သည် တုတ်/ခဲများ ကိုင်ဆောင်၍ ဆေးရုံသို့ ပြန်လည်ရောက်ရှိ လာကာ ဆရာဝန်အား ဆဲဆိုရန်ပြုနေသဖြင့် ဆေးရုံတွင် ဆေးစာပေးရန် ညအိပ်တာဝန်ကျသည့် မိတ္ထီလာမြို့မ ရဲစခန်းမှ ရဲတပ်သား ဝင်းဘိုဘိုဟိန်းနှင့် ရဲတပ်သား နေမျိုးထွန်းတို့မှ ထိန်းသိမ်းစဉ် လှမင်းထက်ပါ လူငယ် ၆ ဦးတို့က ရဲတပ်သားနှစ်ဦးအား ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

 ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်သား ဝင်းဘိုဘိုဟိန်းတွင် နှာခေါင်းသွေးထွက်၊ ဝဲမျက်နှာ/မျက်လုံး/လက် ပွန်းပဲ့ဒဏ်ရာနှင့် ရဲတပ်သား နေမျိုးထွန်း တွင် ဝဲချိုစောင်းပေါက်ပြဲ၊ နဖူး၊ ဝဲယာ ပါး/လက် ပွန်းပဲ့ဖူးရောင် ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိတ္ထီလာမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက “ခြောက်ယောက်စလုံးကို အမှုဖွင့်ထားတယ်။ ရဲတပ်ဖွဲ့ဝင်နှစ်ယောက်က ဒဏ်ရာကတော့ အတွင်းလူနာ(မစိုးရိမ်ရ)ပါ” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

 မိတ္ထီလာတွင် ထိုကဲ့သို့ ရဲတပ်ဖွဲ့ဝင်ကို ပြန်လည်တိုက်ခိုက်သည့် ဖြစ်စဉ်မျိုး ယခင်က မရှိခဲ့ဖူးကြောင်းလည်း ၎င်းက ပြောသည်။

လက်ရှိတွင် လှမင်းထက်ပါ ကျား ၆ ဦးတို့အား မိတ္ထီလာမြို့မရဲစခန်း (ပ) ၄၁၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/ ၂၉၄/၁၁၄(တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား ပြင်းထန်နာကျင်စေမှု/ ဆဲဆိုမှု/ အားပေး ကူညီမှု) ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။