ဗြိတိန်အတွက် အစ္စလာမ် အကြမ်းဖက်သမားများ၏ အန္တရာယ် ပိုမိုကြီးမားဟု ကင်မရွန်း ပြောကြား

ဗြိတိန်အတွက် အစ္စလာမ် အကြမ်းဖက်သမားများ၏ အန္တရာယ် ပိုမိုကြီးမားဟု ကင်မရွန်း ပြောကြား

လန်ဒန်၊ စက်တင်ဘာ-၈ ။           ။ ပြီးခဲ့သည့်လက ဆီးရီးယားတွင် ဗြိတိန်က အိုင်အက်စ်အကြမ်းဖက်သမားများကို ပထမဆုံးအကြိမ် လူမဲ့လေယာဉ်ဒရုန်းဖြင့် တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အပါအဝင် အိုင်အက်စ်တိုက်ခိုက်ရေးသမား သုံးဦးကို ခြေမှုန်းပစ်ခဲ့သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက စက်တင်ဘာ ၇ရက်နေ့က ပြောကြားခဲ့သည်။

ကင်မရွန်းက နွေရာသီနားရက်မှ ပြန်ရောက်သည့် ပထမဆုံးနေ့မှာပင် သြဂုတ်လ၂၁ရက် တော်ဝင်လေတပ်၏ တိုက်ခိုက်မှုကို အောက်လွှတ်တော်သို့ ဖွင့်ပြအသိပေးရာတွင် ဗြိတိန်က စစ်ပွဲအတွင်း ပါဝင် ပတ်သက်နေခြင်းမရှိသည့် နိုင်ငံတစ်ခုတွင် ဗြိတိန်ပိုင်ပစ္စည်းကို အသုံးပြုပြီး တိုက်ခိုက်ခြင်းမှာ ခေတ်သစ်တွင် ပထမဆုံးဖြစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဗြိတိန်ပိုင် ဒရုန်းယာဉ်က တိုက်ခိုက်သတ်ဖြတ်ပစ်လိုက်သည့် အိုင်အက်စ်အကြမ်းဖက်သမားများထဲတွင် ဝေလနယ် ကာဒစ်မှ ရေးယတ် ခန်းနှင့် စကော့တလန်နယ် အဘာဒင်းမှ ရူဟူး အာမင်တို့ ပါဝင်နေ သည်ဟု ဆိုသည်။

ခန်းနှင့် အခြားဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်သည့် ဂျူနိတ် ဟက်ဆိန်းတို့နှစ်ဦးမှာ ဆီးရီးယားတွင် အခြေစိုက်သည့် ဗြိတိန်နိုင်ငံသားများဖြစ်ကြပြီး နှစ်ဦးစလုံးမှာ အိုင်အက်စ်တပ်သားသစ်များ စုဆောင်းရာတွင် တက်ကြွစွာပါဝင်နေကြသည့်အပြင် အထင်ကရ လူထုပွဲတော်များကို တိုက်ခိုက်မှုကဲ့သို့သော ဗြိတိန်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်ညွှန်ကြားနေခြင်းအပါအဝင် အနောက်ကမ္ဘာအား အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်သွားရန် စီစင်ခင်းကျင်းနေသူများဖြစ်သောကြောင့် ဗြိတိန်က ပြတ်ပြတ်သားသား အရေးယူခဲ့ရခြင်းဖြစ်သည်ဟုလည်း ကင်မရွန်းက ပြောကြားခဲ့သည်။  

ပြီးခဲ့သည့် ၁၂လအတွင်း ဗြိတိန်အား အကြမ်းဖက်တိုက်ခိုက်မှု အနည်းဆုံး ၆ခုမျှကို လုံခြုံရေးအကြီးအကဲများက တားဆီးခဲ့ရပြီး ဗြိတိန်အတွက် အစ္စလာမ်အစွန်းရောက်များ၏ အကြမ်းဖက်မှုအန္တရာယ်မှာ မျက်မှောက်ခေတ်တွင် ခေတ်အဆက်ဆက်ကထက် ပိုမို ပြင်းထန်စူးရှလာသည်ဟု ကင်မရွန်းက အောက်လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

ဒရုန်းတိုက်ခိုက်မှုအတွက် ပါလီမန်တွင် ကြိုတင်ဆွေးနွေးတိုင်ပင်ခြင်းမရှိခဲ့ဘဲ၊ လွန်ခဲ့သည့်နှစ်နှစ်ကမူ ဆီးရီးယားတွင် စစ်ရေးအရ ပါဝင်ပတ်သက်မှုကို အောက်လွှတ်တော်က ဆန့်ကျင်မဲပေးခဲ့သည်။

သို့ရာတွင် စစ်သွေးကြွများမှာ ဗြိတိန်ကို သေစေနိုင်လောက်သည့် တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်နေကြပြီး အကြမ်းဖက်သမားများကို အခြားနည်းဖြင့် ဖယ်ရှား၍မရနိုင်သောကြောင့် စစ်ဆင်ရေးမှာ တရားဥပဒေအရ ဘောင်ဝင်သည်ဟု ကင်မရွန်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required