NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

မူးယစ်ဆေးတွေ့ရှိမှုဖြင့် တရားစွဲခံထားရသည့် ဒါရိုက်တာမိုက်တီးကို ၄ ကြိမ်မြောက် ရုံးထုတ်

.

ရန်ကုန် ၊ စက်တင်ဘာလ ၂၅ ။          ။ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံထားရသည့် ဒါရိုက်တာ မိုက်တီးကို စက်တင်ဘာ ၂၅ ရက်နေ့က တာမွေမြို့နယ်တရားရုံးတွင် ၄ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

စက်တင်ဘာလ ၁၄ ရက်နေ့၊ တတိယအကြိမ်မြောက်ရုံးချိန်းမှာ ကြားနာခဲ့ပြီးနောက် တာမွေမြို့မ ရဲစခန်းကနေ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုပုဒ်မ အပြင် မူးယစ်ဆေးဝါးသုံးစွဲမှုပုဒ်မတစ်ခုပါ ထပ်တိုးလိုက်သည့်အတွက် ဒါရိုက်တာ မိုက်တီးကို  (ပ)၂၉/၂ဝ၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆ (ဂ)ဖြင့်လည်း အမှုဖွင့်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဒါရိုက်တာမိုက်တီးသည် သြဂုတ်လ ၁၆ ရက်နေ့က တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက် အရှေ့ မြင်းပြိုင်ကွင်းလမ်း အထက (၃) ရှေ့တွင် မော်တော်ယာဉ်များအား ပိတ်ဆို့ရှာဖွေနေစဉ် သန်းထွန်းဇော်(ခ) မိုက်တီး မောင်းနှင်လာသော မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ မီးခိုးရောင် မျက်မှန်ဘူးအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၇ ပြား ၁ထုပ် ၊ အစိမ်းရောင်အဖုံးပါ ကော်ဘူးအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြားပါ ၁ ဘူး ၊ စုစုပေါင်း ၂၆ ပြား အလေးချိန် ၂.၆ ဂရမ် တို့နှင့်အတူ ရှာဖွေသိမ်းဆည်းမိသည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ယင်းနောက် ဒါရိုက်တာမိုက်တီးအား တာမွေမြို့မရဲစခန်းမှာ မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆ (ဂ) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။