NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

သထုံတွင် ကျပ်တစ်သောင်းတန်ငွေစက္ကူအတု အရွက် တစ်သောင်းကျော် ဖမ်းမိ

.

ဓာတ်ပုံ-Ministry of Home Affairs, Myanmar

ရန်ကုန်၊ စက်တင်ဘာ ၂၅ ။           ။ သထုံမြို့၊ လိပ်အင်းရပ်ကွက်တွင် စက်တင်ဘာလ ၂၄ရက် ညပိုင်း၌ ငွေကျပ်တစ်သောင်းတန် အတု အရွက်တစ်သောင်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ ည ၇နာရီ ၃၅ မိနစ်ခန့်တွင် သထုံမြို့၊ လိပ်အင်း ရပ်ကွက်ရှိ ဒေါ်ဌေးဌေး (၅၀) နှစ်၏ နေအိမ်အား သထုံခရိုင်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ဒေါ်ဌေးဌေး၏ နေအိမ်တွင် ရောက်ရှိတည်းခိုနေသော ဇော်မင်းနိုင် (ခ) ကိုဇော်(၄၆)နှစ်၏ အခန်းအတွင်းမှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂၅၄၅ ရွက်၊ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအစစ် ၃ ရွက်၊ ၁၀,၀၀၀ ငွေစက္ကူအား မိတ္တူတစ်ခြမ်းကူးထားသည့် A4 စာရွက် ၂၂၀ ရွက်၊ မိတ္တူ ၂ ဖက်ကူးထားသည့် A4 စာရွက် ၉ ရွက်၊ ကာလာပရင်တာ ၁ လုံး၊ MYANMAR စာတန်းပါ မိုလောင်းထားသည့် ခဲပြားကပ်ထားသော ဖိစက် ၁ ခု၊ စက္ကူဖြတ်စက် ၁ ခု၊ ပရင်တာဆေးရည် ၄ ဗူး၊ ပလပ်စတစ်တိတ်ခွေ ၂ ခွေ၊ Safeguard ၁ ခု၊ မီးကြိုးခွေ ၁ ခွေ၊ ပေတံ ၁ ချောင်း၊ ကော်ဗူး ၃ ဗူး၊ ရေစာတံဆိပ်တုံး ၂ ခု၊ ခဲမို ၁ ခု၊ မှတ်ပုံတင် ၁ ခု၊ ခါးပတ်အိတ် ၁ လုံးနှင့် ဖုန်း ၃ လုံးတို့အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဇော်မင်းနိုင်(ခ)ကိုဇော်သည် လွန်ခဲ့သော ၁ လခန့်မှစ၍ ဒေါ်ဌေးဌေး၏နေအိမ်သို့ ရောက်ရှိ တည်းခိုနေပြီး ဇော်မင်းနိုင်(ခ)ကိုဇော်ထံသို့ သထုံမြို့နယ်၊ အလံတစ်ရာကျေးရွာနေ ဘိုလေး(စိစစ်ဆဲ) မှ လာရောက်ကာ ဇော်မင်းနိုင်(ခ)ကိုဇော်၏ အခန်း၌ ငွေစက္ကူအတုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ်အတွက် စက်တင်ဘာလ ၂၅ ရက်နေ့ နေ့လယ် ၁၂နာရီ ၃၀တွင် ဒေါ်ဌေးဌေး၊ ဇော်မင်းနိုင် (ခ) ကိုဇော်တို့ ၂ ဦး(ဖမ်းမိ)နှင့် ဘိုလေး(ဖမ်းမမိ)တို့အား သထုံမြို့နယ်ရဲစခန်းတွင် (ပ)၇၉၅/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။