NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အစိုးရ၏လုပ်ဆောင်ချက်များ စမ်းတဝါးဝါးဖြစ်နေဟု တ.စ.ည ပါတီ ဝေဖန်

.

ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ စက်တင်ဘာလ ၂၄ ။          ။ အာဏာရပါတီအနေဖြင့် ၃ နှစ်နီးပါး အစိုးရအဖွဲ့လုပ်ဆောင်ချက်များကို အကောင်အထည် ဖော်နိုင်ခြင်းမရှိဘဲ စမ်းတဝါးဝါး ဖြစ်နေသည်ဟု တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက ဝေဖန်ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၂၄ ရက်၊ ရန်ကုန်၊ တိုင်းရင်းသားစည်းလုံးညွှတ်ရေးပါတီ(တစည)ဗဟိုကော်မတီဌာနချုပ်တွင် ပြုလုပ် သည့် ပါတီ၏ နှစ် ၃ဝ ပြည့် အထိမ်းအမှတ် အခမ်းအနားမကျင်းပမီ နံနက် ၁ဝ နာရီ၊ မီဒီယာများနှင့် တွေ့ဆုံစဉ် မေးမြန်းမှုကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ NLD ပါတီအနေနဲ့ တပ်မတော်အစိုးရလက်အောက်မှာလည်း တကယ့် အတွေ့အကြုံရှိတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း တကယ့်အတွေ့အကြုံရှိခဲ့တယ်။ သူ( NLD ပါတီ)သာ အာဏာရရင်တော့ တစ်ခါ တည်းဆက်ပြီးတော့ ဒိုင်း..ဒိုင်း…ဒိုင်း..ဒီလိုပဲ တစ်ခါတည်းကို လုပ်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီလိုပဲ ပြင်ဆင်ထားလိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် တကယ်ထွက်လာတဲ့အခါကျတော့ အဲ့ဒီလို မဟုတ်ဘူး။ စမ်းတ ဝါးဝါးနဲ့ ပဲ့နင်း ဦးထောင်၊ ဦးနင်း ပဲ့ထောင် ဒီအခြေအနေမျိုးတွေ တွေ့လာရတယ်”ဟု ဦးဟန်ရွှေက ပြောသည်။

အချို့နေရာများတွင် တစ်နိုင်ငံလုံးနှင့် ပတ်သက်သည့် အမျိုးသားရေးများအား ဂိုဏ်းဂဏဝါဒဖြင့် ချည်းကပ်မှု များရှိပြီး အာဃာတဖြင့်လည်း ချည်းကပ်မှုများကို တွေ့ရကြောင်း ဆိုသည်။

“ ဒီအချိန်ဟာ အဆိုးဆုံးအခြေအနေပဲ။ စီးပွားရေးမှာ။ အားလုံးသိတဲ့ အတိုင်းပဲ။ တခြားဟာ မတိုင်းတာဘူး။ ပြည်သူတွေကို တိုင်းတာကြည့်ရင် ၉ဝ ရာခိုင်နှုန်းသော အခြေခံလူတန်းစားတွေ၊ လယ်သမား၊ အလုပ်သမား၊ သာမာန်လူတန်းစားတွေ၊ ဒီကနေ့ စီးပွားရေးဒဏ်ကို အလူးအလဲခံနေရတယ်”ဟု တ.စ. ညပါတီ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောသည်။

နိုင်ငံတစ်ခု၏ အခြေခံအဆောက်အအုံမှာ စီးပွားရေးဖြစ်ပြီး စီးပွားရေးအခြေခံအဆောက်အအုံ မခိုင်မာပါက မူဝါဒအဆောက်အအုံမှာ ပြိုကျသွားမည်ဖြစ်ကာ “လမ်းစဉ်ပါတီ” ကျဆုံးခဲ့သည့် အကြောင်းရင်းမှာလည်း အဆိုပါ စီးပွားရေးအခြေခံအဆောက်အအုံ မခိုင်မာသည့်အတွက် ကျရှုံးခဲ့ခြင်းဖြစ်ကြောင်း ဦးဟန်ရွှေက ဆက်လက် ပြောဆိုခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲအပြီး စက်တင်ဘာလ ၂၄ ရက်နေ့၊ နေ့လည် ၁၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၏ နှစ် ၃ဝ ပြည့်အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။  

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၏ နှစ် ၃ဝ ပြည့်အခမ်းအနားသို့ နိုင်ငံရေးအဖွဲ့အစည်းများမှ တာဝန် ရှိသူများ၊ ပါတီဝင်များ၊ သံတမန်များအပါအဝင် စုစုပေါင်းလူအင်အား ၇ဝဝ ကျော် တက်ရောက်ခဲ့သည်။

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီအား ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုတွင် ဖွဲ့စည်းထားပြီး ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လအထိ မြို့နယ်ပေါင်း ၂၉၈ မြို့နယ်အတွင်း ဖွဲ့စည်းထားနိုင်ခဲ့ကာ လက်ရှိတွင် ပါတီဝင်အင်အား ၄ သိန်းကျော်ရှိကြောင်းသိရသည်။ ယခင်က ပါတီဝင်အင်အား ၇ သိန်းကျော် အထိ ရှိခဲ့ကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ သိရသည်။