NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အောင်ရဲထွေးသေဆုံးမှု စွပ်စွဲခံရသူ ၃ ဦးကို ပြန်စစ်ဆေးမည်

.

ရန်ကုန် ၊ စက်တင်ဘာ ၂၄ ။              ။ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုအတွက် သံသယရှိသူ သန်းထွဋ်အောင်(ခ) သားကြီးအပါအဝင် ၃ ဦးအား အရှေ့ပိုင်းခရိုင်တရားရုံးတွင် ပြန်လည်စစ်ဆေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က စက်တင်ဘာ ၂၄ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။

အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်ပြီး သံသယရှိသူ သန်းထွဋ်အောင်(ခ) သားကြီးအပါအဝင် ၃ ဦးအား  ပြီးခဲ့သည့် ဇူလိုင်၂၅ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ပြန်လည်လွှတ်ပေးခြင်းအပေါ် တိုင်းဒေသကြီး တရားလွှတ်တော်က ပယ်ဖျက်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မူလရုံးမှ ချမှတ်ထားသည့် အမိန့်အား တိုင်းဒေသကြီး လွှတ်တော်ရုံးမှ ပယ်ဖျက်မိန့်ဖြင့် လွှမ်းမိုးချမှတ်ခဲ့ခြင်း ဖြစ်ပြီး အမှုအကြောင်းအရာအား မူလရုံး(အရှေ့ပိုင်းခရိုင်တရားရုံး) သို့ လွှဲပြောင်းသွားမည်ဖြစ်ပြီး အရှေ့ပိုင်း ခရိုင်ရုံးမှ တာဝန်ကျ တရားသူကြီးမှ စွပ်စွဲခံရသူများကို ရုံးလာရန်စာထုတ်သွားမည်ဟု တရားရေးလမ်းကြောင်း နှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။

“ဒါဟာ တရားစီရင်ရေးနယ်ပယ်နဲ့ ပတ်သက်ပြီး ပထမဆုံးရရှိတဲ့ ပြည်သူ့အောင်ပွဲဆိုရင် မမှားဘူး” ဟု ၄င်းကဆိုသည်။

အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်ပြီး သံသယရှိသူ သန်းထွဋ်အောင်(ခ) သားကြီးအပါအဝင် ၃ ဦးအား  ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရာဇဝတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် စွဲဆိုထားခြင်းလည်းဖြစ်သည်။

တိုင်းဒေသကြီးတရားလွှတ်တော်မှ ယခုအမိန့်ချမှုနှင့်အပေါ်တွင် အောင်ရဲထွေး၏ အစ်မဖြစ်သူအား မီဒီယာများမှ မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

အောင်ရဲထွေး သေဆုံးမှုအတွက် စွပ်စွဲခံရသူများအား အမှုမှလွတ်မြောက်ရန် သိန်းပေါင်း ၇၀၀ ကျော် စုပေါင်း လာဘ်စားခဲ့သည့် တိုင်းဥပဒေချုပ်ဦးဟန်ထူး၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ တရားသူကြီးဦးအောင်ကြည်၊ ရဲအုပ်ချစ်ကိုကို တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စက်တင်ဘာ ၁၃ ရက်နေ့တွင် အမှုဖွင့်အရေးယူခဲ့သည်။

ဟာသရုပ်သံတိုများကြောင့် Facebook လူမှုကွန်ယက်စာမျက်နှာတွင်လူသိများခဲ့သည့် အောင်ရဲထွေး (ခ) ရဲထွေးအောင်သည် ၄င်း၏ ချစ်သူနှင့်အတူ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညတွင် The One Entertainment ၏ ဖျော်ဖြေရေးပွဲသို့ သွားရောက်စဉ် လူတစ်စုက ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခဲ့မှုကို ခံခဲ့ရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် ရရှိထားသောဒဏ်ရာများနှင့် ဇန်နဝါရီ ၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။