ကိုရီယားစစ်ပွဲကြောင့် ကွဲကွာခဲ့ကြရသည့် မိသားစုများ တွေ့ဆုံပွဲ အောက်တိုဘာ တွင် ကျင်းပရန် တောင်နှင့် မြောက် သဘောတူ

ကိုရီယားစစ်ပွဲကြောင့် ကွဲကွာခဲ့ကြရသည့် မိသားစုများ တွေ့ဆုံပွဲ အောက်တိုဘာ တွင် ကျင်းပရန် တောင်နှင့် မြောက် သဘောတူ

ဆိုးလ်၊ စက်တင်ဘာ - ၈ ။          ။ စက်တင်ဘာလ ၈ ရက်နေ့က နှစ်နိုင်ငံသဘောတူညီချက်အရ နှစ်၆၀အလွန်က ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာနေခဲ့ကြရသည့် မိသားစုများမှာ နောက်လတွင် အစောင့် အကြပ်ထူထပ်စွာချထားသည့် မြောက်နှင့်တောင် နယ်စပ်အနီးတွင် ခဏတာ ပြန်လည်ပေါင်းစည်းခွင့်ရမည်ဖြစ်သည်။

ယမန်နှစ် ဖေဖော်ဝါရီလက မိသားစုပေါင်း ၁၇၀ လှိုက်လှိုက်လှဲလှဲ တွေ့ဆုံကြပြီးနောက် ပထမဆုံးအကြိမ်ဖြစ်မည့် ယခုမိသားစုတွေ့ဆုံပွဲကျင်းပရေး သဘောတူညီချက်မှာ မကြာသေးမီက နယ်စပ်ဖြတ်ကျော် လက်နက်ကိုင် ပဋပက္ခကို စေ့စပ်ညှိနှိုင်း အဆုံးသတ်နိုင်မှု၏ နောက်ဆက်တွဲ အကျိုးဆက်ပင်ဖြစ်သည်။

''တောင်နဲ့မြောက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေကို အခြေခံကျကျဖြေရှင်းဖို့ အတူတွဲလုပ်ကြရမယ်ဆိုတဲ့ အမြင်မှာ တူညီကြပါတယ်''ဟု တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ နယ်စပ်ကျေးရွာ ပန်မွန်ဂျမ်တွင် ကိုရီးယားနှစ်နိုင်ငံမှ ကြက်ခြေနီအရာရှိများအကြား ၂၄နာရီနီးပါး အပြင်းအထန်ဆွေးနွေးပြီးမှ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုတစ်ကြိမ် မိသားစုပြန်လည်တွေ့ဆုံရေးပွဲကို ယခင်အကြိမ်များက ကျင်းပခဲ့ရာ နယ်စပ်မြောက်ဘက်ရှိ မောင့်ကမ်ဂန်းအပန်းဖြေစခန်းတွင် အောက်တိုဘာ ၂၀ရက်မှ ၂၆ရက်အထိ ကျင်းပမည်ဖြစ်ပြီး တစ်နိုင်ငံစီမှာ မိသားစု ၁၀၀စီ တက်ရောက်ကြမည်ဖြစ်သည်။

၁၉၉၈ခုနှစ်ကတည်းက ယခုအချိန်အထိ မြောက်ကိုရီးယားမှ မိသားစုဆွေမျိုးများနှင့် တွေ့ဆုံလိုသည့် တောင်ကိုရီးယားနိုင်ငံသား ၁၃၀၀၀၀နီးပါးက ဆိုးလ်အစိုးရနှင့် မှတ်ပုံတင်ထားခဲ့သော်လည်း ယခု အချိန်တွင် ၆၆၀၀၀ခန့်သာ သက်ရှိထင်ရှားရှိတော့ပြီး ယင်းတို့အနက် အများစုမှာ အသက်၇၀ကျော်များဖြစ်သည်ဟု ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနမှ အချက်အလက်များအရ သိရသည်။

ဝေဖန်သူအချို့ကမူ မိသားစုပြန်လည်တွေ့ဆုံရေးအစီအစဉ်မှာ နှေးကွေးလွန်းပြီး မိသားစုအနည်းငယ်မျှသာ ပါဝင်နိုင်ကြသည်ဟု ပြောကြားကြသည်။ နှစ်ဖက်စလုံးမှ သက်ကြီးရွယ်အိုအတော်များများမှာ ၎င်းတို့ချင်း မတွေ့ဆုံရမီတွင် သေဆုံးသွားခဲ့ကြပြီး ပြန်လည်တွေ့ဆုံရေးကို တောင်ကိုရီးယားဘက်မှ အလေးထားသော်လည်း မြောက်ကိုရီးယားဘက်ကမူ စိတ်မပါသလိုဖြစ်နေသည်ဟု လည်းပြောကြား ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly