မုံရွာတွင် အမျိုးသားဘော်ဒါဆောင်အတွင်းဝင်ရောက်၍ တုတ်/ဓားများဖြင့် ဆဲဆိုရိုက်နှက်မှု ဖြစ်ပွား

.

ဓာတ်ပုံ - အင်တာနက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက် ၊ ဗန္ဓုလလမ်း၊ အမျိုးသားဘော်ဒါအဆောင်တစ်ခုတွင် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်း ၉ နာရီအချိန်က တုတ်/ဓားများ ကိုင်ဆောင်ပြီး ဆဲဆိုခြိမ်းခြောက်ကာ ဝိုင်းဝန်းရိုက်နှက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

တုတ်/ဓားလက်နက်များ ကိုင်ဆောင်၍ နေအိမ်အဆောင်အတွင်းသို့ ဝင်ရောက်ရိုက်နှက်မှုတွင် အဆောင်ပိုင်ရှင်အမျိုးသားက ယာနဖူး ညိုမဲဒဏ်ရာ (၁)ချက်၊ယာ ချိုစောင်း ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲဘက်ခြေသလုံးညိုမဲဖူးရောင်ဒဏ်ရာ(၁)ချက် (မုံရွာဆေးရုံ အတွင်းလူနာ စိုးရိမ်ရ)၊ ကိုစိုင်းဆိုသူတွင် ကျောတွင် နာကျင်ဒဏ်ရာ( မုံရွာဆေးရုံ ပြင်ပလူနာ မစိုးရိမ်ရ)၊ အောင်ကျော်ဝင်း အဝေးသင်(ဒုတိယနှစ်) တွင် ဝဲဘက်မေးရိုး ပြတ်ရှဒဏ်ရာ (၁)ချက်၊ လည်ပင်းတွင် နာကျင်ဒဏ်ရာ (၁)ချက် (မုံရွာဆေးရုံ ပြင်ပလူနာ မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။ 

" မနေ့ည ၉ နာရီလောက်က အဆောင်က ကလေးတွေနဲ့ အဲ့ဒီကလေးတွေ ရန်ဖြစ်သေးတယ်။ အဲ့ဒါကို လာရှင်းပေးသွားလို့ အဆင်ပြေသွားတယ် ။ ဒီနေ့ထပ်ပြီး ပြသနာရှာလို့ လာရှင်းပေးရင်း အရိုက်ခံရတာ။ အရင်ကတည်းက အဲ့ဒီကလေးက အဆောင်ထဲဝင်ပြီး ပြသနာရှာတာတွေ ရှိတယ် " ဟု " အရိုက်ခံခဲ့ရသည့် အဆောင်ပိုင်ရှင်က မဇ္ဇျိမသို့ ပြောသည်။

ဖြစ်စဉ်မှာ အဆောင်နှင့်ကပ်လျက်နေထိုင်သည့် လူငယ် ၈ ဦးအဖွဲ့သည် တုတ်/ ဓားများကိုင်ဆောင်၍ နေအိမ်အပေါက်ဝသို့ လာရောက်စိန်ခေါ် ဆဲဆိုနေသဖြင့် အဆောင်မှူးက  ခြံအပေါက်ဝတွင် ရပ်ကြည့်နေစဉ် လူငယ် ၈ ဦးထဲမှ တစ်ဦးက လည်ပင်းညှစ်၍ ဝဲဘက်မေးရိုးအား ဓားချွန်ဖြင့်ဆွဲ ခြစ်ခဲ့ကြောင်း ၊ ထို့နောက် ၄င်းအဖွဲ့မှ ဆက်လက်၍ အဆောင် ဒုတိယထပ်သို့ တက်ရောက်ကာ ဆဲဆိုစိန်ခေါ်သဖြင့် အဆောင်ကျောင်းသားများက တောင်းပန်ခဲ့သည့်အတွက် လှေကားလက်တန်းအား တုတ်များဖြင့်ရိုက်သွားပြီး အဆောင်ရှေ့ လမ်းဘေးတွင် ရပ်စောင့်နေခဲ့သည်။ ထိုစဉ် ရောက်ရှိလာသည့် အဆောင်ပိုင်ရှင်အား တုတ်/ ဓားများဖြင့် ဝိုင်းဝန်းရိုက်ခဲ့သဖြင့် ဝင်ရောက်ဖျန်ဖြေခဲ့သူတစ်ဦး စုစုပေါင်း လူ ၃ ဦး ဒဏ်ရာ အသီးအသီး ရရှိခဲ့ကြောင်း သိရသည်။

အုပ်စုဖွဲ့၍ နေအိမ်အဆောင်အတွင်းသို့ ဝင်ရောက်ရိုက်နှက်ခဲ့သူများသည် ၄င်းအဆောင်ဖြင့် ကပ်ရက်နေထိုင်သည့် ချမ်းမြဝတီရပ်ကွက်နေထိုင်သူ လူမင်း(ခ) ဖိုးလပြည့်၊ဇင်ကိုနှင့်အမည်မသိ အမျိုးသား ၆ ဦး ဖြစ်ကြောင်း သိရသည်။

ဖြစ်ပွားခဲ့သည့်နေရာတွင် အရှည်(၂) ပေခန့်ရှိ သစ်သားတုတ် (၃)ချောင်း၊ အရိုးအသွား (၂)ပေခွဲရှိ ဓါးရှည် (၁)ချောင်း၊ အရိုးအသွား(၁၀)လက်မခန့် ဓားဦးချွန် (၁)ချောင်း နယ်မြေရဲစခန်းမှ သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ မုံရွာနယ်မြေရဲစခန်း (ပ)၃၄၃/၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၅၂/၃၂၅/၃၂၄/၂၉၄/၅၀၆/၁၁၄ တို့ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ည ၉နာရီကျော်အချိန်၊ မုံရွာတက္ကသိုလ်အနီး ရေကူးကန်လမ်း အမျိုးသမီးဘော်ဒါဆောင်အနီးမှာ ခိုက်ရန်ဖြစ်ပွားသည့် ကျောင်းသားအုပ်စုထဲမှ ကျောင်းသား ၃ ဦး ဓားထိုးခံခဲ့ရသည်။