NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မြိတ်၌ ပုဇွန်ခြောက်အခွံခွာစက် တီထွင်ထုတ်လုပ်

.

မြိတ်၊ စက်တင်ဘာ ၂၃ ။         ။ မြိတ်ဒေသ၏ ရေထွက်ပစ္စည်းတစ်မျိုးဖြစ်သော ပုဇွန်ခြောက်များကို အခွံခွာနိုင်သည့်စက်တစ်မျိုးကို တီထွင် ထုတ်လုပ်လျက်ရှိပြီး ကြိုက်သူ၊ မကြိုက်သူများလည်း ရှိကြောင်း သိရသည်။

မြိတ်မြို့တွင် ပုစွန်ခြောက်လုပ်ငန်းများကို အများဆုံး လုပ်ကိုင်လျက်ရှိသည့်ဒေသတစ်ခုဖြစ်ရာ ပုဇွန်ခြောက် အကောင်များကို အခွံခွာနိုင်သော ကိုယ်ပိုင်နည်းပညာဖြင့် စက်ကိရိယာတစ်မျိုးကို မြိတ်ဒေသခံတစ်ဦးက တီထွင်ထုတ်လုပ်ထားကြောင်း သိရသည်။

ပုဇွန်ခြောက် အခွံခွာစက်ကို တီထွင်သူ ဦးကိုင်ဇာက “  မြိတ်ဒေသမှာက ပင်လယ်ပိုင်းရှိ ကျေးရွာတွေမှာ ပုဇွန်ခြောက်လုပ်ငန်းတွေ အများကြီး ရှိပါတယ်၊ အများစုကတော့ ပုဇွန်ခြောက်တွေကို နေလှန်းပြီး ရိုက်ဖွပ်ပြီးမှ အခွံကို ပြန်ချွတ်ရတာပါ၊ အချိန်ကုန် လူပင်ပမ်းတာမျိုးရှိတာပေါ့ ။အခုဆိုရင် နည်းပညာအားကိုးနဲ့ နေလှန်းပြီးသား ပုဇွန်ခြောက်တွေကို စက်ထဲထည့်ပြီး အခွံချွတ်လို့ရအောင် ဆိုပြီး ရည်ရွယ်ထုတ်လုပ် ဖြစ်တာပါ’’ ဟု ပြောသည်။

ပုဇွန်ခြောက် အခွံခွာစက်ကို သံထည်နှင့် စတီးထည်ဟူ၍ အမျိုးအစား ၂ မျိုး ထုတ်လုပ်လျက်ရှိကြောင်း၊ သံထည်စက်တစ်လုံးကို ကျပ် ၈ သိန်းခွဲနှင့် စတီးထည် စက်တစ်လုံးကို ၁၈ သိန်းကျပ် အထိ ဈေးနှုန်း သတ်မှတ်ထားကြောင်း ၄င်းစက်ကို ထုတ်လုပ်သူထံမှ  သိရသည်။

“ စက်ကတော့ သီးခြားထုတ်လုပ်ရောင်းချတာမျိုးတော့ မရှိပါဘူး၊ လာရောက်မှာယူမှ ထုတ်လုပ်ပေးတာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်မှာက အခြားလုပ်ငန်းများ ဖြစ်တဲ့ အဲကွန်းလုပ်ငန်းနှင့်သံထည်လုပ်ငန်းတွေကို အဓိကထား လုပ်နေတာဖြစ်လို့ ပုဇွန်ခြောက်အခွံခွာစက်ကို သီးခြားထုတ်လုပ်တာမျိုး မရှိသေးတာ ဖြစ်တယ်’’ဟု ဦးကိုင်ဇာက ပြောဆိုသည်။

အဆိုပါ ပုဇွန်ခြောက် အခွံခွာစက်တွင် ပုစွန်ခြောက် အကောင်များကို ထည့်သွင်းပါက အကောင်နှင့် အခွံများကို သီးခြား ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။

သုံးစွဲသူအချို့ကမူ  ပုဇွန်ခြောက်အကောင် ကျိုးကြေမှုများသောကြောင့် အဆင်မပြေဟု ဆိုသည်။

ဒီစက်ကို အသုံးပြုဖူးပါတယ်၊ အဆင်မပြေပါဘူး၊ ပုဇွန်ခြောက်အကောင်တွေ ကျိုးတယ်၊ ကြေတယ်၊ အဲ့ကြောင့် ထပ်မသုံးဖြစ်တာပါ၊ စက်ကိုတော့ ငွေ ဆယ်သိန်းကျော်နဲ့ ရင်းနှီးထားပြီး အခုဆိုရင် ဒီအတိုင်း ပစ်ထားရတယ် ဟု မြိတ်ဒေသထွက် လက်ဆောင်ပစ္စည်းအရောင်းဆိုင်မှ ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ပုဇွန်န်ခြောက် အခွံခွာစက် ၁၁ လုံးအထိ ထုတ်လုပ်ရောင်းချထားပြီး၊ ပုဇွန်ခြောက်လုပ်ငန်းအများစု လုပ်ကိုင်သည့် မြိတ်ကျွန်းစု၊ ရခိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ ဒေသများသို့ အမှာစာဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရ သည်။