NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ဟံသာဝတီဦးဝင်းတင်နဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေရဲ့ ပုံတူတွေကို ပြသခဲ့တဲ့ Face Two ပန်းချီပြပွဲ

.

ရန်ကုန်   စက်တင်ဘာ   ၂၂ ။            ။ သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် အပါအ၀င် ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အနုပညာနဲ့နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံတူတွေကို ပြသထားတဲ့ Face Two လို့နာမည်ပေးထားတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်က 43 ART Gallery မှာ စက်တင်ဘာလ ၂၂ ရက်နေ့ကနေ စတင်ပြသနေပါတယ်။

ဒီပန်းချီပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်က ပန်းချီဆရာ ဟန်ကျော်မိုးနဲ့ ညောင်ဦးက ပန်းချီဆရာ နိုင်ဝင်းတို့ ၂ ဦးက ပူးပေါင်းပြီးပြသထားတဲ့အတွက် Face Two လို့နာမည်ပေးထားတာ ဖြစ်ပါတယ်။

" ကျွန်တော်နဲ့ရင်းနှီးတဲ့နောင်တော်တွေ ကျွန်တော်မမြင်ဖူးလိုက်တဲ့ဆရာတွေတို့ အဲဒါတွေနဲ့ သူတို့အကြောင်း ရင်းရင်းနှီးနှီးစာတွေ ဖတ်ဖူးတဲ့ သူတွေ၊ ရင်းရင်းနှီးနှီးနေဖူးတဲ့သူတွေတို့ကို အဓိကထားပြီးဆွဲဖြစ်တယ်။ ဆရာ ပန်းချီအောင်စိုးဆိုလည်း ကျွန်တော်မတွေ့လိုက်ဖူးဘူး။ ဆရာက ဆုံးပြီ။ သူ့ပုံလည်းပြသထားတယ်။" လို့ ပန်း ချီဆရာ နိုင်ဝင်းက ပြောပါတယ်။

ပန်းချီဆရာ ဟန်ကျော်မိုး နဲ့ ပန်းချီဆရာ နိုင်ဝင်းတို့ဟာ ၂၀၁၆ ခုနှစ်ကလည်း Two Face လို့ နာမည်ပေးထား တဲ့ ပန်းချီပြပွဲကို ပူးပေါင်းပြသခဲ့ဖူးပြီး ဒီပန်းချီပြပွဲဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ ငွေရေးကြေးရေး ကို အဓိကမထားဘဲ အနုပညာချစ်စိတ်တစ်ခုတည်းနဲ့ ပန်းချီကားတွေဖန်တီးရတာဖြစ်တဲ့အတွက် အခက်အခဲ တွေကတော့ အများကြီးရှိတယ်လို့ ပန်းချီဆရာ ဟန်ကျော်မိုးက ဆိုပါတယ်။

" အခက်အခဲကတော့ နယ်ကလူတွေအနေနဲ့ကတော့ အဓိကကတော့ ပန်းချီပြဖို့မလွယ်ဘူးဗျ။ ရန်ကုန်မှာ ပန်းချီပြပွဲတွေ ဆက်နေတယ်ဆိုပေမယ့် နယ်ကလူတွေ ပန်းချီလာပြဖို့ဆိုတာအရမ်းကြိုးစားရပါတယ်။ အဓိက ကတော့ သယ်ယူစားရိတ်တွေ၊ နေထိုင်စားရိတ်တွေ၊ သွားရေးလာရေးတွေ ရှိမယ်။ ပန်းချီကားကြီးတာတွေ ဆို သယ်ဖို့မလွယ်ဘူးဗျ။" လို့ ပန်းချီဆရာ ဟန်ကျော်မိုးက ပြောပါတယ်။

ဒီပန်းချီပြပွဲမှာ ပန်းချီဆရာနိုင်ဝင်းရဲ့ ကောက်ကြောင်းပန်းချီကား ၃၀ နဲ့ ပန်းချီဆရာ ဟန်ကျော်မိုးရဲ့ ဆီဆေး ပန်းချီကား ၂၁ ကား၊ စုစုပေါင်း ပန်းချီကား ၅၂ ကားကို ပြသထားပါတယ်။ ပြပွဲကို စက်တင်ဘာလ ၂၂ ရက် နေ့ ကနေ ၂၄ ရက်နေ့အထိ ၃ ရက်ကြာပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။