NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

စကားများရာမှ ဖခင်ဘုန်းကြီးကို သားဖြစ်သူက သတ်မှု ဖြစ်ပွား

.

မကွေး၊စက်တင်ဘာ ၂၁ ။          ။မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ခမောက် ဓမ္မာရုံအနီး ဘုန်းကြီးကျောင်းတွင် ထမင်းစားရာမှ စကားများပြီး ဖခင်ဖြစ်သူ ဘုန်းကြီးကို သားဖြစ်သူက ဓားဖြင့် သတ်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း စေတုတ္တရာမြို့မရဲစခန်းမှ သိရသည်။

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ဖိုဝင်ကျေးရွာနှင့် ၅ဖာလုံခန့်ကွာဝေးသော  ကျောက်ခမောက် ဓမ္မာရုံအနီး ဘုန်းကြီးကျောင်းတွင် တောရဆောက်တည်နေသော ဆရာတော် ဦးသောဘိတ(၈၂ နှစ်)ခန့်သည် ဓားဒဏ်ရာဖြင့် သေဆုံးနေပြီး ရဲတပ်ဖွဲ့က ကျူးလွန်သူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် ဆရာတော် ဦးသောဘိတ အသတ်ခံရကြောင်း သတင်းရသဖြင့် စေတုတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူးဒုရဲမှူး သန်းဆွေ ဦးဆောင်သော ရဲတပ်ဖွဲ့သည် အခင်းဖြစ်ရာသို့ ရောက်ရှိပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ လူသတ်တရားခံအား လိုက်လံစုံစမ်းရှာဖွေခဲ့ပြီး စက်တင်ဘာလ ၂၁ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ကြောင်း  ဒုရဲမှူးသန်းဆွေက မဇ္ဈိမသို့ အတည်ပြု ပြောသည်။

“တရားခံကိုမိပါပြီ။ တရားခံက ဆရာတော်ရဲ့သားဖြစ်နေပါတယ်။ ဆရာတော်က သူကျောင်းမှာပဲ ဓားဒဏ်ရာ တွေနဲ့ ပျံလွန်တော်သွားပါတယ်။ အခု ဒီလုပ်ငန်းနဲ့ပတ်သက်တာတွေ ဆောင်ရွက်နေပါတယ်။ စုံစမ်းစစ်ဆေး ချက်အရ ကျောင်းပေါ်ကျန်ခဲ့တဲ့ဓားက ဆရာတော်က သူ့သား သန်းထွန်းကို ဝယ်ပေးခဲ့တဲ့ဓားလို့ သိရှိသူတွေ ပြောပြလို့ သန်းထွန်းကို စစ်ဆေးပါတယ်။ စစ်ဆေးတော့ သူကဝန်ခံပါတယ်။ မနက် ထမင်းစားရင်းနဲ့ သားအဖ ရန်ဖြစ်ပြီး စိတ်တိုလာလို့ ဓားနဲ့ ခုတ်သတ်မိပါတယ်လို ဝန်ခံပါတယ်။ အခု သန်းထွန်းကို ဖမ်းဆီးချုပ်ထားပါ တယ် ” ဟု ဒုရဲမှူးသန်းဆွေက ပြောသည်။

ဓားဖြင့်ခုတ်ခဲ့သော သားဖြစ်သူ သန်းထွန်း(၄၅) နှစ်မှာ စိတ်ကျန်းမာရေး မပြည့်စုံသူတစ်ဦးဖြစ်ကြောင်းလည်း စေတုတ္တရာမြို့၊မဲဆန္ဒနယ်အမှတ်(၁) မှ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးက ပြောသည်။

အဆိုပါ အမှုကို ဒုရဲမှူးသန်းဆွေက တရားလိုပြုလုပ်ကာ စေတုတ္တရာမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။