NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

သစ်ရှားပါးသဖြင့် မြိတ်တွင် သံခွံလှေများဖြင့် ပြောင်းလဲတည်ဆောက်လာ

.

မြိတ်၊ စက်တင်ဘာ ၂၁ ။                ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ငါးဖမ်းစက်လှေကြီးများနဲ့ တခြားရေယာဉ်များ တည်ဆောက်နေသော မြေပေါ်လွန်းကျင်းများတွင် သစ်ရှားပါးလာသည့်အတွက် သံခွံအဖြစ် အစားထိုးတည်ဆောက်လာကြောင်း သိရ သည်။

တနင်္သာရီကမ်းရိုးတန်းတလျှောက်မှာ ဒေသတွင်း ငါးဖမ်းစက်လှေအများစုကို သစ်သားဖြင့် အများဆုံး တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ မြိတ်ဒေသရှိ မြေပေါ်လွန်းကျင်းများ၌ သစ်သားအစား သံခွံကို အစားထိုးတည်ဆောက်လာခြင်းဖြစ်ကြောင်း ရေယာဉ်တည်ဆောက်ရေး လွန်းကျင်းရုံများထံမှ သိရသည်။

ကျွန်းစုမြို့နယ်၊ ပထက်ကျွန်းပေါ်ရှိ အောင်မြတ်ဖြိုး မြေပေါ်လွန်းကျင်းနဲ့ ရေလုံလွန်းကျင်းလုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဦးကျော်ကျော်လင်းက “ အခုနောက်ပိုင်းမှာ ဆိုလျှင် ငါးဖမ်းစက်လှေတွေနဲ့ အခြား ရေယာဉ်သင်္ဘောတွေ အသစ်တည်ဆောက်ရာမှာပဲ ဖြစ်ဖြစ်၊ အဟောင်းကိုပဲ တည်ဆောက်ရာမှာ ဖြစ်စေ အခက်အခဲ ရှိလာတာက သစ်တွေ ရှားပါးတာပဲ ဖြစ်ပါတယ်၊ အဲ့ဒါကြောင့် အခုဆိုရင် သံခွံတွေနဲ့ ပြောင်းလဲ တည်ဆောက်လာနေတာ ဖြစ်တယ်”ဟု ပြောသည်။

မြိတ်ဒေသရှိ မြေပေါ်လွန်းကျင်းများတွင် တည်ဆောက်သည့် ငါးဖမ်းစက်လှေအများစုမှာ ဒေသသုံး အများဆုံးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လွန်းကျင်းများအနေဖြင့် သစ်သား ငါးဖမ်းစက်လှေအဟောင်းများကို ပြုပြင်သည့် လုပ်ငန်းကိုသာ လုပ်ကိုင်လျက်ရှိပြီး၊ အသစ်တည်ဆောက်သော သင်္ဘောများကို ရပ်နားထားကြောင်း မြိတ်မြို့ပေါ်ရှိ လွန်းကျင်း လုပ်ငန်းများထံမှ သိရသည်။

“ကျွန်တော်တို့ အလုပ်သမားတွေအနေနဲ့ သစ် မရှိဘူးဆိုလျှင် ရေရှည်ရပ်တည်ဖို့ ခက်ခဲလာနိုင်ပါတယ်၊ အခြား လုပ်ငန်းကို ပြောင်းလဲဖို့ဆိုတာကလည်း မလွယ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီအလုပ်ကို ကျွမ်းကျင်တဲ့ အလုပ်သမားတွေက ဒီအလုပ်ပဲ လုပ်ချင်နေတာပါ၊ အခု သံထည်နဲ့ လုပ်ရမယ်ဆိုတော့လည်း ဒီနည်းပညာကို အစကနေပြီး ပြန်သင်ယူရမယ်ဆိုတော့ လုပ်အားခတွေ ဘယ်လိုပေးကြမလဲ ။ လက်ရှိ လုပ်နေတဲ့အတိုင်းပဲ ပေးမှာလားဆိုတာ စဉ်စားစရာ ဖြစ်နေတယ်” ဟု သင်္ဘောကျင်း အလုပ်သမား ကိုအောင်ပိုင်ဖြိုးက ပြောသည်။

မြိတ်မြို့တွင် အောင်မြတ်ဖြိုး၊ ဦးကျော်ဝင်းဖြိုး၊ ဧရာနဒီနှင့် ကျွဲကူး မြေပေါ် လွန်းကျင်း ၄ ခု ရှိပြီး သံခွံဖြင့် သင်္ဘောဆောက်လုပ်ခြင်း လွန်းကျင်းမှာ တစ်ခုသာ ရှိနေသေးကြောင်း သိရသည်။