NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ရေမဆေးတဲ့အတွက် ရွှေတိဂုံဘုရား ရွှေများ မည်းသွားခြင်းဟု ဂေါပက ရှင်း

.

ရန်ကုန်၊ စက်တင်ဘာလ ၂ဝ ။       ။ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူရာတွင် ဆိုက်ယာနိုက်ဓာတ်ဆေးရည်ကို အသုံးပြုခဲ့ပြီး ရေလုံလောက်အောင် ဆေးကြောခြင်းမပြုခဲ့သောကြောင့် ရွှေများမည်းသွားခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့က ဖြေရှင်းခဲ့သည်။

အဆိုပါကိစ္စအတွက် စက်တင်ဘာလ ၂၀ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ မည်းနေသော ကြာ မှောက်၊ ကြာလန်ဧရိယာမှ ရွှေပြားသင်္ကန်းများအတွက် ဂေါပကအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ မည်းနေသည့် ဧရိယာမှ ရွှေပြားများအား ရတနာကျွန်းပန်းထိမ်လုပ်ငန်းမှ ၂ဝဝ၈ ခုနှစ်တွင် စာချုပ် ချုပ်ကာ ၁၅ နှစ်အာမခံသက်တမ်းဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၄- ၁၅ ခုနှစ်၌ ရွှေအရောင် မှေးမှိန်သွား ခဲ့သဖြင့် ယင်းရွှေပြားများအား ရောင်တော် ဖွင့်ခဲ့ရာတွင် ဆိုက်ယာနိုက်ဓာတ်ဆေးရည်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

“ အခုပြဿနာဖြစ်မှ စုံစမ်းစစ်ဆေးမှ ဒီကိစ္စက ပေါ်လာတာ”ဟု ရွှေတိဂုံဂေါပကအဖွဲ့ဝင် ရွှေနှင့်ရတနာ တာဝန်ခံ ဦးညိုဝင်းက ပြောသည်။

ထိုသို့ ဆိုက်ယာနိုက်ဓာတ်ဆေးရည်ကိုအသုံးပြုခဲ့ရာတွင် ရေလုံလောက်အောင်ဆေးကြောခြင်းမပြုခဲ့ကြောင်း၊ ရောင်တော်ဖွင့်စဉ်တွင် အောက်ခြေ၌ ရွှေမျက်ပါးများကပ်လှူပူဇော်နေသဖြင့် ထိခိုက်မည်စိုးသောကြောင့် ဆေးကြောခြင်း မပြုခဲ့သဖြင့် ယခုကဲ့သို့ မည်းခဲ့ခြင်းဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သိရသည်။ ထို့ပြင် ဆိုက်ယာနိုက်ဓာတ်ဆေးရည်အား အသုံးပြု၍ ရောင်တော်ဖွင့်ခဲ့သည်ကို ထိုအချိန်က တာဝန်ယူခဲ့သည့် ဂေါပကအဖွဲ့မှ သိရှိခဲ့ခြင်းမရှိကြောင်း ဦးညိုဝင်းက ပြောသည်။

“ ကျွန်တော်ကောင်းအောင်လုပ်မယ်ဆိုပြီး လုပ်သွားတာ။ ဘာလုပ်သွားမှန်းလည်းမသိဘူးဗျာ။ နောက် ကျတော့မှ မည်းသည်းပြီး ဖြစ်လာတော့မှ မေးကြ၊ မြန်းကြ၊ စုံစမ်းကြရင်းနဲ့ ဒီလူက ရွှေကိုဆိုက်ယာနိုက်နဲ့ ဆေးသွားတယ်။ ရေတောင် ကောင်းကောင်းမဆေးဘူး။ ဘာဖြစ်လို့ ရေမဆေးလည်း ဆိုတော့ သူလုပ်နေတဲ့ ချိန်မှာ အောက်ကလည်း မျက်ပါးရွှေကပ်နေတော့ စီးလာတဲ့ရေတွေနဲ့ အောက်ကဟာတွေ ပျက်ကုန်မှာစိုးလို့ မလုပ်ဘူးတဲ့။ ဒီကိစ္စက နောက်မှ ထွက်လာတာ။ ဟိုတုန်းက ဂေါပက ကိုယ်တိုင်က သူ ဆိုက်ယာနိုက်နဲ့ ဆေးတာဘာညာမသိဘူး”ဟု ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် စီမံ/ လုံခြုံရေးတာဝန်ခံ ဦးသောင်းထိုက်က ပြောသည်။

လက်ရှိတွင် အဆိုပါ မည်းနေသော ကြာမှောက်၊ ကြာလန်ဧရိယာရှိ ရွှေပြားသင်္ကန်းများမှ ၁ဝ ပြားအား ခွာယူစစ် ဆေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများပါဝင်သည့် ပညာရှင်များဖြင့် ဖွဲ့စည်းပြီး စစ်ဆေး အဖြေထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီလို စစ်ဆေးရာမှာ ကျွန်တော်တို့ ဂေါပကအဖွဲ့တွေလည်း မပါပါဘူး။ သူတို့ရဲ့ တွေ့ရှိချက်အပေါ်မှာ မူတည်ပြီးတော့မှပဲ ဘာဆက်လုပ်မယ်ဆိုတာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ အဓိက တာဝန်ရှိတာကတော့ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရတနာကျွန်းမှာ တာဝန်ရှိပါတယ်။ သူနဲ့ စာချုပ်စာတမ်းချုပ်ပြီး လုပ်တာဖြစ်တဲ့ အတွက် ဒီစာချုပ်မှာ ပါတဲ့အတိုင်းပဲ ကျွန်တော်တို့က အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု  ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ရွှေနှင့်ရတနာတာဝန်ခံ ဦးညိုဝင်းက ပြောသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းပြန်လည်ကပ်လှူရေးနှင့် အဆိုပါ မည်းနေသော ကြာမှောက်၊ ကြာလန်ဧရိယာမှ ရွှေပြားသင်္ကန်းများအား စစ်ဆေးနိုင်ရန်အတွက် ပြီးခဲ့သည့်  စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ငြမ်းဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သည်။