ရန်ကုန်စတော့အိတ်ချိန်းမှ အရောင်းအဝယ်အားလုံးအပေါ် အခွန်ကောက်ခံမည်

ရန်ကုန်စတော့အိတ်ချိန်းမှ အရောင်းအဝယ်အားလုံးအပေါ် အခွန်ကောက်ခံမည်
(ဓာတ်ပုံ - မဇ္စျိမ)

စက်တင်ဘာ ၈ ရက် ။          ။ မကြာမီဖွင့်လှစ်တော့မည့် ရန်ကုန်စတော့အိတ်ချိန်း YSX ၌ ရောင်းဝယ်မှုမှန်သမျှကို ကုန်သွယ်ရေးအခွန် ကောက်ခံ သွားမည်ဖြစ်သည်ဟု မြန်မာအာမခံနှင့် စတော့အိတ်ချိန်းကော်မရှင် (SECM) က ထုတ်ပြန်ထားကြောင်း aseanbriefing.com တွင် စက်တင်ဘာ ၇ ရက်က ဖော်ပြသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးဖြစ်မည့် စတော့ရှယ်ယာရောင်းဝယ်ရာဌာနကို ယခုနှစ် ဒီဇင်ဘာတွင် ဖွင့်ရန်လျာထားသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် ဂျပန်ကုမ္ပဏီနှစ်ခုဖြစ်သည့် Daiwa Institute of Research Ltd က ရှယ်ယာ ၃၀ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် Japan Exchange Group က ရှယ်ယာ ၁၈ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် အကျိုးတူဖွင့်လှစ်ရန် ဆောင်ရွက်နေသည်။

စတော့အိတ်ချိန်းသစ် ဖွင့်လှစ်နိုင်ခြင်းဖြင့် လက်ရှိ over-the-counter (OTC) markets (စတော့ဈေးကွက်ဒိုင်များတွင် စာရင်းမဝင်ဘဲ ရင်းနှီးမြုပ်နှံမှု စာချုပ်စာတမ်းများကို အရောင်းအဝယ်ပြုလုပ်သူများ ၏ ဈေးကွက်) များမှာ တရားမဝင် ဖြစ်သွားမည်။

မြန်မာအာမခံနှင့် စတော့အိတ်ချိန်းကော်မရှင်ကို ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းက အသစ်ဖြစ်လာမည့် စတော့အိတ်ချိန်းကို ကြီးကြပ်ရန်အတွက် ဖွဲ့စည်းခဲ့သည်။ ၂၀၁၃ ခုနှစ် မြန်မာအာမခံနှင့် စတော့အိတ်ချိန်း ဥပဒေအရ စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။

ယင်းကော်မရှင်က ပွဲစားများ၊ အကြံပေးများ၊ အရောင်းအဝယ်သမားများနှင့် အာမခံလုပ်ငန်းများအတွက် လိုင်စင်ချပေးမည်ဖြစ်သည်။

Ref; Asean Briefing

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required