NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ယခုနှစ် ၆ လတာ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၁၆၀၀ ကျော်ရှိခဲ့

.

စက်တင်ဘာ ၁၉ ။             ။ ၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာ ၁၅ရက်အထိ နိုင်ငံခြားသားရင်နှီးမြုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၆၀၀ ကျော်နှင့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှု ကျပ် ၉၇၄ ဘီလီယံကျော်ရှိကြောင်း မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှု ကော်မရှင်မှ သတင်းရရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း ၁ ခုနှင့် အတည်ပြုလုပ်ငန်း ၁ခုကို ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ကပြောသည်။

"လုပ်ငန်းနှစ်ခုကနေ အမေရိကန်ဒေါ်လာ ၄၄.၁၄၈သန်းကို ခွင့်ပြု၊ အတည်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၇၅၂ဦးကို ဖန်တီးပေးခဲ့တယ်။ အဲဒီလုပ်ငန်းနှစ်ခုက စက်မှုကဏ္ဍက တစ်ခုနဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍက တစ်ခု ဖြစ်ပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍကတော့ Telecommunication နဲ့ ပတ်သက်တဲ့ ကဏ္ဍဖြစ်ပါ တယ်" ဟု ဦးသန်းအောင်ကျော် ကပြောသည်။

၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာ ၁၅ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇၇ခုကို ခွင့်ပြုအတည်ပြုခဲ့ပြီး အထူးစီးပွားရေးဇုန် ဥပဒေအရ ဧပြီမှ စက်တင်ဘာ ၁၅ရက်အထိ ရင်နှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၇၁.၁၀၀ သန်း ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ သတင်းရရှိသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အတည်ပြု ၂ခုကိုလည်း ခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။

 

"မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေလည်း ခွင့်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ရဲ့ အတည်ပြု လုပ်ငန်းတစ်ခုနဲ့ ကချင်ပြည်နယ် ရင်နှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလုပ်ငန်းတစ်ခုအတည်ပြုခဲ့တာဖြစ်ပါ တယ်" ဟု ဦးသန်းအောင်ကျော် ကပြောသည်။

လက်ရှိ အနေအထားတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဆက်သွယ်ရေးနှင့် အိမ်ခြံမြေကဏ္ဍ တို့ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်နေသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၉ဒဿမ ၄ ဘီလီယံ ဝင်ရောက်ခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆ဒဿမ ၆ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။