ဖွဲ့စည်းပုံကြီး ဘယ့်နှယ် ပြင်မယ်

ဖွဲ့စည်းပုံကြီး ဘယ့်နှယ် ပြင်မယ်
Photo - Moe Kyaw Lwin

ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲတဲ့... အစချီပြီး ရွေးကောက်ပွဲ မဲပေးကြဖို့၊ မဲပေးမမှားကြဖို့ လှုံ့ဆော်သံကို ပြည်တွင်းလူရွှင်တော် တစ်ယောက်အသံနဲ့ ပြည်ပရေဒီယိုတစ်ခုကနေ ကြားကြား နေရတယ်။

တခြားသူတွေတော့ မသိဘူး၊ မောင်မှန်တော့ သူ့အသံချွဲချွဲကြီးကို ကြားတာနဲ့ မဲပေးချင်စိတ်ကို ကုန်ရောပဲ၊ သူ ပြောသလို မဲပေးခွင့် ဆုံးရှုံးမှာတို့၊ အရွေးမှားရင် ငါးနှစ်ခံရမှာတို့ ဖြစ်ခါမှ ဖြစ်ရော၊ ငုတ်တုတ် ပဲ မေ့နေလိုက်ချင်တယ်။ (အိန္ဒိယနိုင်ငံမှာ မဲမပေးရင် ဒဏ်ငွေအနေနဲ့ ယူပီး ၁၀၀ ပေး ဆောင်ရသတဲ့၊ ဗမာပြည်မှာ ဒါမျိုးမရှိလေတော့ ဒီအတိုင်း နေလည်းရတယ်၊ ဘာမှမဖြစ်ဘူး) နောက်တာပါ၊

လူရွှင်တော်အနေနဲ့လည်း ရွေးကောက်ပွဲအတွက် သူတတ်နိုင်တဲ့ ဘက်ကနေ နိုင်သ လောက် ဝင်ရောက်အကျိုးပြုတာပေ့ါလေ။ သူ့အကျိုးပြုမှု ဘယ်လောက်ထိရောက်တယ်၊ မထိရောက် ဘူးဆိုတာတော့ ရွေးကောက်ပွဲကြီး ပြီးရင် သိရမှာပါ။

သူမှ မဟုတ်ပါဘူး၊ အဲ့ဒီရေဒီယို မဟုတ်ပါဘူး။ မီဒီယာတော်တော်များများလည်း ရွေးကောက်ပွဲ ကိုပဲ ဇောင်းပေးနေကြတာပါ။ ရွေးကောက်ပွဲ မဖြစ်ရင်၊ ရွေးကောက်ပွဲ ဖြစ်ရင်၊ မဲခိုး မဲလိမ်ရင်၊ ကော်မရှင် ညစ်ရင်၊ လွတ်လပ်ပြီး တရားမျှတရင်၊ လွတ်လပ်ပြီး တရားမမျှတရင် စသဖြင့် ထင်ရာတွေ မြင်ရာတွေ ဝိုင်းနေကြတာပေ့ါ။

ခုနေတော့ ခန့်မှန်းခြေကလွဲပြီး ဘာမှမသေချာသေးဘူးပေါ့။ ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေး ပါတီတချို့ကတော့ အပိုင်ကြီးပြောတဲ့ အသံတွေ ရှိနေတယ်။ ရွေးကောက်ပွဲမှာ သူတို့ ပါတီနိုင်လိုက် ရင်၊ အစိုးရ ဖွဲ့နိုင်လိုက်ရင်၊ ပဒေသာပင်ကြီး မြေက ပေါက်တော့မတတ် ပြောတာတွေ၊ ပြည်သူ့ဘဝ တွေ အကုန်လုံး ပြောင်းလဲသွားမယ် ဆိုတာတွေ ကြားနေရတယ်။ ယေဘုယျသဘောတွေပါ၊ ရွေးကောက်ပွဲနီးရင် ကြားရတတ်တဲ့ စကားတွေပါ။ အသေးစိတ် ဘာတွေကို ကိုင်တွယ်မယ်၊ ဘာကို ဘယ်လို လုပ်မယ်ဆိုတာ မပါပါဘူး။ ဒါတွေ ပြောရအောင် နိုင်မှ မနိုင်သေးတာလို့ ပြောလို့လည်း မဖြစ် ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းပြချက်က အခိုင်အမာ ရှိနေတာကိုး။

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ရွေးကောက်ပွဲ ဝင်ရပါတယ်ဆိုတဲ့ NLD ပါတီကို ကြည့်ကြရ အောင်ပါ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သပိတ်မှောက်ခဲ့ပြီး၊ ၂၀၁၂ ကြားဖြတ်မှာမှ ရွေးကောက်ပွဲ ဝင်ပြီး၊ လွှတ်တော်နည်းနဲ့ ဖွဲ့စည်းပုံပြင်မယ်လို့ ကြွေးကြော်သံပေးပြီး ပွဲဝင်လိုက်တာ နေရာ ၄၀ လောက် အနိုင်ရရှိခဲ့ပါတယ်။ လွှတ်တော်နည်းနဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုးစားလာလိုက်တဲ့ NLD က ဇွန် ၂၅ ရက်မှာတော့ အဖြေတစ်ခုကို ပိုင်ပိုင်နိုင်နိုင် ရရှိသွားပါတော့တယ်။

သို့သော်လည်း ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ ဆိုသလို ဒါဟာ လွှတ်တော်တွင်းမှာ ဒီမိုကရေစီ အင်အားစုတွေ အားနည်းလို့ ဖြစ်ရတာ ဆိုပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ များများနိုင် ပြီးများများလွှတ်တော်ထဲ ရောက်ဖို့ ကြိုးပမ်းမယ် ဆိုတယ်။ ကြိုးပမ်းမှုတွေကတော့ ဒီမိုကရေစီလိုလားတဲ့ တိုင်းရင်းသားပါတီ တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှု မလုပ်ဘူး။ ၈၈ ငြိမ်း၊ ပွင့်ကို ကန့်လိုက်တယ် ၊ဒေါက်တာညိုညိုသင်းကို လက်မခံဘူး၊ အကောင်းစား ကြိုးပမ်းမှုတွေချည်းပါခင်ဗျာ၊ ထားပါတော့။

လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း မကျော်ရင် ဘယ်လိုမှ ပြင်မဖြစ်တဲ့ ၂၀၀၈ အခြေခံ ဥပဒေကြီးကို လွှတ်တော်ထဲမှာ ဘယ်ပုံဘယ်နည်း ပြမယ်ဆိုတာ NLD ထံက ခုထိ ဘာသံမှ ထွက် မလာသေး ပါဘူး၊ NLD ကိုသာ မဲပေးပါ၊ နိုင်ရင် ကြည့်လုပ်ပါမယ်ဆိုတဲ့ ခပ်လွယ်လွယ် မှတ်ဖွယ်စကား လောက်ကိုသာ ဆိုနေကြပါတယ်။ ရွေးကောက်ပွဲမှာ NLD ၇၅ ရာခိုင်နှုန်း နိုင်ခဲ့ရင်တောင် တပ်ကိုယ် စားလှယ် ၇၅ ရာခိုင်နှုန်းထဲကတစ်ယောက် သဘောတူမှ ပြင်လို့ ရမယ်ဆိုတာ မောင်မှန်တို့ ပြည်သူ တွေ သိထားပြီးသားပါ။ မောင်မှန်လည်း ပညာတတ်ကြီး မဟုတ်ပေမယ့်ပေါင်းနှုတ်မြှောက်စား လောက်တော့ ကောင်းကောင်း တွက်တတ်ပါတယ်၊ ၇၅ ရာခိုင်နှုန်းကို အပေါင်းတစ်ဖြစ်အောင် လုပ်ဖို့ အရေးက သိပ်မလွယ်လှတာ အမှန်ပါ။

တစ်ဘက်မှာ NLD ရင်ဆိုင်နေရတဲ့ ကိစ္စကလည်း ပေ့ါသေးသေး မဟုတ်ပါဘူး။ အကြီးကြီးတွေ ဖြစ်ပါတယ်။ ဧရာဝတီနဲ့ တနင်္သာရီမှာ ရွေးကောက်ပွဲမဝင်မယ့် အဖွဲ့အစည်းတစ်ခု အမည်ခံထားတဲ့ NLD အပုပ်ချ စာရွက်တွေ ဝေတဲ့ကိစ္စ၊ (NLD က ဟိုတိုင်ဒီတိုင်တော့ တိုင်တာပဲ၊ ခုထိလည်း ဘာဖြေ ရှင်းသံမှ မကြားရဘူး၊ တိုင်တစ်လုံး ငါးမတ်ဆိုတဲ့ သဘောပဲ) နမ်းစန်မှာ ပါတီဆိုင်းဘုတ်တွေနှစ်ကြော့ ပြန်အဖျက်ခံ ရတဲ့ကိစ္စ (ဒါလည်း တရားခံမိထားပြီးခါ မှ ရဲအရေးမပိုင်လို့ဆိုပြီး ပြန်လွှတ်လိုက်တာ ခုတော့ အစပျောက်နေပြန်ပါပြီ) တောင်ကြီးခရိုင် NLD အတွင်းရေးမှူးကို ပုဒ်မ ၄၂၀ နဲ့ အရင်က အမှုဖွင့်ထားပြီး အာမခံပေးထားရာကနေ ပုဒ်မ ၄၀၆ ပြောင်း အမှုဖွင့်လို့ အာမခံရုပ်သိမ်းလိုက်တယ် ဆိုပြီး ညကြီးသန်းခေါင် အိမ်မှာ ဝင်ဖမ်းတဲ့ကိစ္စ၊ ဒါနဲ့ ပတ်သက်ပြီး တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တို့က ခုလိုပြောပါတယ်။

''ပုဒ်မ ပြောင်းတယ်ဆိုလည်း နေပေါ့နော်၊ ရုံးချိန်ဆို ကျနော်တို့ ဘာမှ မပြောဘူး၊ သဘောက ကိုညီညီရွှေက တိမ်းရှောင်နေတယ်ဆိုလည်း ကျနော်တို့က တွေ့အောင်ရှာပြီး လိုက်ခေါ်ပေးဦးမယ်။ ခု ပုဒ်မပြောင်းပြီး ညသန်းခေါင်ကြီး ဝင်ဖမ်းတာမျိုးတော့ ကျနော်တို့ လက်မခံဘူး'' တဲ့၊ ဒါမျိုးကြီးတွေ လည်း ဖြစ်တတ်တယ်ဆိုတာ လက်တွေ့ပြလိုက်တဲ့ သဘောပါခင်ဗျာ။ တစ်ခါနေပြည်တော် ဇမ္ဗူသီရိမြို့နယ် NLD ရုံး ဖေါက်ထွင်းခံရတဲ့ ကိစ္စကိုလည်း ကြည့်ဦး၊ ရုံးခန်းဆိုတာ အဖိုးတန် ပစ္စည်း ဘာမှ မရှိနိုင်ပါဘူး။ အဖောက်ခံရပြီးတော့လည်း ဘာပစ္စည်းမှ ပျောက်မသွားခဲ့ပါဘူး၊ ဒါဖြင့်ရင် ဘာကြောင့်ဖေါက်သလဲ။

NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ''ရည်ရွယ်ချက်ရှိရှိ စာရွက်စာတမ်းတွေ လိုက်ရှာတယ်လို့ ထင်တယ်၊ သာမန်သူခိုးဆိုရင် အခန်းထဲမှာ ယူစရာပစ္စည်းတွေ ရှိတယ်၊ ရောင်းစား လို့ ရတဲ့ဟာတွေ ရှိတယ်၊ သူတို့က ဘာတစ်ခုမှကို ယူမသွားပါဘူး၊ အဓိကတော့ သူတို့ လိုချင်တဲ့ စာရွက်စာတမ်း အရေးကြီးတာ တစ်ခုခုကို ပစ်မှတ်ထားပြီး လိုက်ရှာတာ ဖြစ်နိုင်တယ်လို့ ယူဆတယ်'' လို့ ပြောပါတယ်။ (လိုချင်တာမရလို့ ဘာမှ ယူမသွားဘဲ ထားချင်ရာ တစ်ခုခု ထားခဲ့မယ် ဆိုရင်လည်း ပြဿနာအကြီးကြီး ပေါ်သွားနိုင်တယ်နော်။)

ဒီလို အခါသမယမျိုးမှာပဲ ဖွဲ့စည်ပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း ကြီး ပေါ်ထွန်းလာခဲ့ပါတယ်။ ဒီဥပဒေကို ကမ္ဘာဦးလူတွေ နေမင်း လမင်းမျှော်သလို မျှော်နေတဲ့ သူတွေ အဖို့တော့ ဆရာဒဂုန်တာရာရဲ့ မတ်လတော်လှန်ရေး ကဗျာထဲကလို'' အရှေ့ဆီမှ၊ အိုရုတ်တရက်၊ အနီစက်၍၊ ကွဲအက်ကြောင်းရာ၊ ဟ ဟ လာပြီ''ပေါ့။

တောင့်တတုန်းခါ၊ ပေါ်ထွက်လာ၊ သတ္တဝါဓလေ့၊ လွန်ချမ်းမြေ့ဆိုသလို ပျော်သူတွေ ပျော်နေ မှာ အမှန်၊ တစ်ဘက်မှာလည်း မောသူတွေတော့ မောနေမှာ၊ (သေချာတာက ပျော်သူအနည်းစု ၊မောသူအများစု ပါ၊) ဥပဒေကြမ်းကြီးမှာ ဘာတွေပါနေလို့လဲ မောင်မှန်ရယ်တော့ မမေးနဲ့၊ သိချင် ဝယ်ဖတ်၊ စက်တင်ဘာ ၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာကြီးတွေမှာ အပြည့်အစုံ ပါတယ်။  ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်တဲ့ ဥပေဒဆိုမှ ကာကွယ်စောင့်ရှောက်တာတွေ ပါတာပေ့ါ။ ပေါ့တော့တော့ ဟုတ်ဖူးနော်၊ (ကာကွယ်တဲ့ ဥပဒေကို ချိုးဖေါက်လို့ကတော့ ထောင်သုံးနှစ်နော်၊ ခုတော့ ဒီလောက်ပဲ ရေးပါဦးမယ်၊ မောင်မှန် ကြောက် ..... ကြောက် ဖြစ်နေရပါပြီ။)

တကယ်တော့ ဥပဒေကြမ်း တင်သွင်းဖို့ စတင်အဆိုပြုခဲ့သူဟာ သူရဦးရွှေမန်းပါခင်ဗျာ၊ ခုဥပဒေ ကြမ်းအဖြစ် ပေါ်ထွက်လာပြီး (ဒီအဆိုကို ဦးရွှေမန်း လွှတ်တော်တင်တုန်းက ပြည်သူ့လွှတ်တော် တစ်ခုလုံး ကန့်ကွက်သူမရှိ ထောက်ခံ အတည်ပြုခဲ့ကြပါတယ်။) အဲဒီတုန်းက NLD ပြောရေးဆိုခွင့် အမတ်မင်းတစ်ယောက်က ''လက်ရှိကျနော်တို့သွားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်း နဲ့ အခုရေးဆွဲမယ့် အဲ့ဒီဥပဒေကြမ်းက ပတ်သက်မှု မရှိဘူး၊ ဒါပေမဲ့ အဲဒီဥပဒေထဲမှာတော့ ဘယ် အချက်တွေ ပါမလဲဆိုတာ ကျနော်တို့ လေ့လာပြီးမှ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ လုပ်ငန်းစဉ်ကို ထိခိုက်မှု ရှိ မရှိ ပြောနိုင်မယ်'' လို့ပြောခဲ့ပါတယ်။

မဆိုင်ဘူးလည်း ပြောတယ်၊ စောင့်ကြည့်ရမယ်လည်း ပြောတယ်၊ ခုလောက်ဆိုရင်တော့ သူလည်း သိလောက်ပါချေပြီပေ့ါ လုပ်ရ ကိုင်ရ ခက်ရတဲ့အထဲ ကိုယ့်ရှုး ကိုယ်ပတ်ထားတာတွေက လည်း မနည်ဘူး၊ တို့လူလေးများ ဆိုသလေး ........... ဝေလေလေ၊ ရန်သူကို ဘယ့်နှယ်ဝိုင်းမယ် ........... ကြုံသလို ကြည့်ဝိုင်းကြတာပေ့ါ ဆိုရင်တော့ မနိပ်သေးဘူးပေ့ါခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags