ကချင်ပြည်နယ်မှာ နေတဲ့ လူအားလုံးရဲ့တိုးတက်ရေး လုပ်သွားမှာပါ

ကချင်ပြည်နယ်မှာ နေတဲ့ လူအားလုံးရဲ့တိုးတက်ရေး လုပ်သွားမှာပါ
စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်-စဒက)၏ တွဲဖက်အတွင်းရေးမှူး၊ အင်ဂျန်းယန်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ။ ဓာတ်ပုံ - ဇော်နိုင်ဦး)

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်-စဒက) ၏ တွဲဖက်အတွင်းရေးမှူး ဒေါ်ဒွဲဘူသည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် အင်ဂျန်းယန်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ထပ်မံအရွေးချယ်ခံရရေးအတွက် ပြင်ဆင်လျက်ရှိသည်။ သူ၏ပါတီသည် မဲဆန္ဒနယ် ၉ ခုအ တွက် ယှဉ်ပြိုင်သည့်အခါ ဒေသတွင်း နိုင်ငံရေးပါတီများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အာဏာရပါ တီတို့နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

မကြာသေးခင်က သတင်းထောက် အိချယ်ရီအောင်က ဆက်သွယ်မေးမြန်းစဉ် ၅၃ နှစ်အရွယ် တရားရုံးချုပ်ရှေ့နေ ဒေါ်ဒွဲဘူက မဲဆွယ်မှု အစီအစဉ်၊ ကချင်ပြည်နယ်အတွင်း ဥပဒေစိုးမိုးရေး၊ ဆက်လက် ဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခ စသည့် အခြေအနေများနှင့် ပတ်သက်ပြီး ပြောပြခဲ့သည်။

ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့် နှစ်လ ရပါမယ်။ ဒါဟာ လုံလောက်တဲ့ အချိန်ပမာဏလို့ ပြောလို့ ရမလား။  

တစ်နေရာနဲ့ တစ်နေရာတော့ တူမှာ မဟုတ်ပါဘူး။ ကျွန်မရဲ့ မဲဆန္ဒနယ်မြေကတော့ လုံလောက်မှု ရှိပါ တယ်။ အင်ဂျန်းယန် မဲဆန္ဒနယ်က သွားလာရေး ခက်ပေမဲ့ လူနည်းပါတယ်။ မဲပေးနိုင်တဲ့ လူဦးရေက တစ်ထောင် ပတ်ဝန်းကျင် လောက်ပဲ ရှိပါတယ်။

ဘယ်လို ကတိတွေပေးမယ် ဘယ်အချက်ကို အဓိကထားပြီး မဲဆွယ်စည်းရုံးမယ်ဆိုပြီး စဉ်းစားထားတာ ရှိသလား။

ဘယ် ကတိကဝတ်ကိုမှ ပေးပြီးတော့ မဲဆွယ် မစည်းရုံးပါဘူး။ ကျွန်မကိုယ်တိုင်က ကချင်လူမျိုး ဖြစ်တဲ့ အတွက် ကိုယ့်အမျိုးသားရေးကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။ ကချင်တစ်မျိုးသားလုံး မဟုတ်ဘဲ ကချင်ပြည်နယ်မှာနေတဲ့ လူအားလုံးရဲ့ တိုးတက်ရေးကို လုပ်သွားမှာပါ။ ကိုယ့်ပြည်နယ်မှာ နေထိုင်သူ အားလုံးရဲ့ တိုးတက်ရေးကို လုပ်ရင် ကချင်ပြည်နယ် တိုးတက်ရေးလည်း တစ်ပါတည်း ပါသွားမှာ ဖြစ်ပါတယ်။

ပေးလိုက်တဲ့ မဲက အလကား မဖြစ်စေရပါဘူး။ သူတို့ပေးလိုက်တဲ့ မဲက ဥပဒေတွေ ပြောင်းဖို့၊ တစ်နိုင်ငံ လုံး ဒီမိုကရေစီ တိုးတက်ဖို့၊  မြေသိမ်းယာသိမ်း ကိစ္စတွေ တကယ် အကျိုးခံစားခွင့် ရရှိဖို့ အဲဒါတွေကို ဦးစားပေး လုပ်ဆောင်သွားမှာပါ။

၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတုန်းက ဘယ်လို အခက်အခဲတွေ ရှိပါသလဲ။

ကျွန်မတို့ပါတီက၂ဝ၁ဝ တုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်ဖွဲ့ပြီး လွှတ်တော်ထဲကို ရောက်အောင် သွားခဲ့ပါတယ်။ ကျွန်မတို့ပါတီက ရွေးကောက်ပွဲကို လူနည်းစုပဲ ဝင်နိုင်ခဲ့တာပါ။ တကယ် လွှတ်တော်ထဲကို ရောက်သွားရင် ပါတီစွဲ၊ လူမျိုးစွဲ မထားဘဲ အားလုံးက ပူးပေါင်း ဆောင်ရွက်ရတာပါပဲ။

ဒါပေမဲ့လည်း မဲဆွယ်တဲ့ကာလမှာ ဘယ်လို တိုက်ခိုက်ခံရလဲဆိုရင် ကျွန်မတို့က ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ် လုပ်ထားတဲ့အခါကျတော့ ကျွန်မတို့ပါတီကို စစ်တပ်နောက်ခံ ပါတီဆိုပြီး တခြားတိုင်း ရင်းသား ပါတီတွေက အထင်မှားတာမျိုးတွေ ခံရပါတယ်။

ကျွန်မတို့ပါတီက ပြည်နယ်ကို ကိုယ်စားပြုပါတယ်။ ကချင်၊ ရှမ်း၊ ဗမာတိုင်းရင်းသားများအပြင် တခြား ဘာသာဝင်တွေကိုပါ ကိုယ်စားပြုတဲ့အတွက် အမျိုးမစစ်ဘူးဆိုပြီးတော့ ပြောတဲ့အခါမျိုး  ကျတော့ အောက်ခြေလူထုက အထင်မှားပြီးတော့ နားလည်နိုင်မှု စွမ်းအား နည်းသွားနိုင်ပါတယ်။

တကယ်တမ်းတော့ ဘယ်ပါတီပဲဖြစ်ဖြစ် အခုချိန်မှာတော့ ပြိုင်ကြတာပဲ။ တကယ်တမ်း လွှတ်တော်ထဲ ရောက်သွားရင် ကျွန်မတို့ နိုင်ငံအနေအထားက ပူးပေါင်းဆောင်ရွက်မှု မရှိရင် နိုင်ငံကောင်းဖို့ မလွယ် ဘူး။

ပြည်သူအတွက် ဥပဒေတစ်ခု ပြောင်းလဲဖို့၊ လမ်းစဉ်တစ်ခု ပြောင်းလဲဖို့ဆိုတာ လွှတ်တော်ထဲ ရောက်နေတဲ့ ပါတီတွေ အားလုံးက ပူးပေါင်းဆောင်ရွက်မှု ရှိကို ရှိရပါတယ်။ အောက်ခြေ ပြည်သူလူ ထုရော၊ ပါတီတချို့ကရော ဒီသဘောတရားတွေကို မဖြတ်သန်းဖူးတဲ့ အခါကျတော့ နားလည် မပေးနိုင်ဘူး၊ အဓိက စိန်ခေါ်မှုကတော့ အဲဒါပါပဲ။

အမျိုးသမီးတစ်ယောက် အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တာဝန်ကို ထမ်းဆောင်ရာမှာ အကြီးမားဆုံး အခက်အခဲက ဘာဖြစ်မလဲ။

သားသမီးတွေကို(အိမ်မှာ)ထားခဲ့ပြီး နေပြည်တော်မှာ တစ်နှစ်လုံးနီးပါး နေရတဲ့ ဒုက္ခပေါ့။ ကိုယ့် သားသမီးတွေကို မိဘအနေနဲ့ သွန်သင်ဆုံးမရမယ့်အချိန်မှာ သားသမီး အရေး၊ မိသားစုအရေး မကြည့်နိုင် ဘူးပေါ့။ အဲဒါကတော့ အကြီးမားဆုံး အခက်အခဲပါပဲ။

ဦးသိန်းစိန် အစိုးရလက်ထက် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေကို နည်းနည်း သုံးသပ်ပြပါ။

ဦးသိန်းစိန် လက်ထက်မှာ ငြိမ်းချမ်းရေးကို စားပွဲပေါ် ရောက်တဲ့အထိ လုပ်နိုင်ခဲ့ပါတယ်။ ဆွေးနွေးတာ လည်း ဆွေးနွေး၊ တိုက်တာလည်း တိုက်တုန်းပဲဆိုတော့ ပြည်သူလူထုကလည်း အယုံအကြည် မရှိပါ ဘူး။ ပြည်သူလူထု အယုံအကြည်မရှိသရွေ့ ငြိမ်းချမ်းရေးက ဘယ်တော့မှ တိုးတက်လာမှာ မဟုတ် ပါဘူး။

ဒီကဏ္ဍရပ်တွေမှာ သမ္မတတစ်ယောက်အနေနဲ့ တပ်မတော်ကို ထိန်းသိမ်းနိုင်မှု၊ ပြောဆိုနိုင်မှု အင်မ တန်မှ အားနည်းတာကို တွေ့ရပါတယ်။ ကချင်ပြည်နယ်မှာ ရှိတဲ့တပ်တွေက ထိုးစစ်တွေသာ မဆင်ခဲ့ ရင် ငြိမ်းချမ်းတာ ကြာလှပါပြီ။

ကျွန်မတို့က တကယ့်ဖြစ်စဉ်ကို တင်ပြရင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာအစိုးရ၊ တပ်မတော် ဘက်က လက်ခံတာမျိုး မရှိပါဘူး။ သူတို့ကို ပြောတယ်ဆိုပြီး သဘောမကျတာမျိုးတွေဖြစ်တာ ကိုတွေ့ရပါ တယ်။ အဲဒီလို အမြင်မျိုးတွေက ငြိမ်းချမ်းရေးမှာ ရှေ့ဆက်တိုးဖို့ အခက်အခဲတွေပါပဲ။

ဝန်ကြီး ဦးအောင်မင်းတို့ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းတွေကိုရော ဘယ်လိုများ မြင်ပါသလဲ။

သူကတော့ တော်တော်ကြိုးစားပြီး လုပ်ပါတယ်၊ တိုင်းရင်းသားတွေရဲ့ သဘောထားတွေကိုလည်း အောက်ခြေအထိ လိုက်ပြီး လေ့လာပါတယ်၊ တိုင်းရင်းသားတွေအပေါ်မှာလည်း တော်တော်နားလည် တဲ့ သဘောရှိပါတယ်။ ဒါပေမဲ့ သူတစ်ယောက်တည်း နားလည်လို့ မရပါဘူး။ ကျန်တဲ့သူတွေပါ နားလည်ပြီး ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှာပါ။

တိုင်းရင်းသားတွေကလည်း ဟိုဟာလည်း မယုံ၊ ဒီဟာလည်း မယုံ လုပ်နေလို့လည်း မရပါဘူး။ ပြောင်းလဲလာတဲ့ အမြင်တွေလည်း ရှိဖို့ လိုပါတယ်။ တပ်မတော်အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ဆွေးနွေးသင့်တယ်လို့ မြင်ပါတယ်။

ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်း ငါးနှစ်တာကာလအတွင်း ကချင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးရေး အခြေအနေက ဘယ်လို ရှိပါသလဲ။

မြို့ထဲမှာတော့ ဒီအတိုင်းပါပဲ၊ ပြောင်းလဲမှု မရှိပါဘူး။ တရားရုံးတွေက အရင်အတိုင်းပဲ၊ ပြည်သူလူထု ကလည်း အရင်လိုပဲ၊ လာဘ်ပေးလာဘ်ယူမှု လုပ်နေရတုန်းပဲ။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက တရား ဥပဒေ စိုးမိုးမှု မရှိတော့ ပိုဆိုးတာပေါ့။ သစ်မှောင်ခိုတွေ၊  ရွှေသူခိုးတွေ၊  ကျောက်တွင်း မှောင်ခိုတွေ၊ အကြမ်းဖက်မှုတွေ၊ မုဒိမ်းမှုတွေ ဒီမိုကရေစီ အစိုးရတက်လာတဲ့ အချိန်မှာ ပိုပြီးဆိုးလာတာ တွေ့ရပါ တယ်။

ကချင်ဒေသ စစ်ဘေးရှောင် ဒုက္ခသည်တွေကို နိုင်ငံတကာရော ပြည်တွင်း အလှူရှင်တွေကပါ လှူဒါန်း တာတွေ၊ ထောက်ပံ့တာတွေက နည်းလာသလား။

နိုင်ငံတကာကလည်း ကချင်စစ်ဘေးရှောင် ဒုက္ခသည်တွေကိုပဲ ကူညီရတာ မဟုတ်ပါဘူး။ နိုင်ငံတိုင်း မှာ ဒုက္ခသည်ကတော့ အမျိုးမျိုးရှိတာပါပဲ။ အဲဒါတွေပါ ကူညီရတာဆိုတော့ ကချင်တစ်ခုတည်းကို အဓိက ထားနိုင်မှာ မဟုတ်ပါဘူး။  ပြည်တွင်းအဖွဲ့အစည်းတွေလည်း အဲဒီလိုပါပဲ။

ကချင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်တွေအနေနဲ့ ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင်အောင်လည်း ကြိုးစားရမှာပါပဲ။ အဲဒီလို လုပ်နိုင်ဖို့ ဆိုတာကတော့ တိုက်ပွဲတွေ ဖြစ်နေတော့ သူတို့ကိုယ့်ဖာသာ ကိုယ်ရပ်တည်ဖို့ကို မလုပ်နိုင်ပါဘူး။ ဘယ်သူမဆို ဒါမျိုးတွေက တစ်သက်လုံး မကူညီနိုင်ပါဘူး။

ကျွန်မကတော့ အပစ်အခတ် ရပ်စဲဖို့ကိုပဲ အဓိက တိုက်တွန်းသွားမှာပါ။ နိုင်ငံရေး ဆွေးနွေးပွဲက အကြာ ကြီး ဆွေးနွေးရမယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှ ဒုက္ခ သည်တွေ နေရပ်ပြန်ပြီး ပြန်လည် လုပ်ကိုင်စားသောက်နိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်း တချို့ကလည်း အပစ်အခတ် ရပ်စဲမှ ဒုက္ခသည်တွေကို ကူညီမယ်ဆိုတာမျိုး တွေကလည်း ရှိနေပါသေးတယ်။ လွှတ်တော် အနေနဲ့ကလည်း ပေါ်လစီပိုင်းဆိုင်ရာကတော့ ဒုက္ခ သည်တွေ နေရပ်ပြန်နိုင်ဖို့ တချိန်လုံး ပြောနေတာပဲ။ ဒါပေမဲ့ အကောင်အထည် ဖော်တဲ့သူက ဘာမှမ လုပ်ရင် လွှတ်တော်က ဘယ်လောက်ပြောပြော ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

တရုတ်နိုင်ငံ စွမ်းအင် ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ၂၀၁၁ မှာ ရပ်ထားပါ တယ်။  ဒီစီမံကိန်းက ဘယ်လို ဆက်ဖြစ်လာမယ် ထင်ပါသလဲ။  

ဦးသိန်းစိန် သမ္မတ ထပ်ဖြစ်ရင်တော့ သူ့ကတိအတိုင်း ရပ်ဆိုင်းထားပေးမှာပါ။  ဦးသိန်းစိန် မဟုတ်ဘဲ တခြားသမ္မတ ဆိုရင်တော့ ပြည်သူတွေနဲ့ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို ထပ်နားထောင်ရမှာပေါ့။  တရုတ်ကုမ္ပဏီက ဆက်လုပ်ဖို့ ကြိုးစားနေတာပါပဲ၊ နစ်နာမှုတွေကိုပါ ထပ်တောင်းဖို့ ရှိပါလိမ့်မယ်။  မြစ်ဆုံဆိုတာ ကချင်ပြည်နယ် လူထုနဲ့ပဲ ပတ်သက်တာ မဟုတ်ပါဘူး၊  တစ်နိုင်ငံလုံးနဲ့ ပတ်သက်နေတဲ့အတွက် မြန်မာနိုင်ငံ ပြည်သူပြည်သားတွေရဲ့ ဆုံးဖြတ်ချက်က အရေးကြီးပါတယ်။

လာမယ့်ငါးနှစ် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အလားအလာ ဘယ်လိုရှိမယ် ထင်ပါသလဲ။

လာမယ့် အစိုးရမှာ ဘယ်လိုလူတွေ ပါဝင်လာမလဲဆိုတာ အဓိက အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးကို ဘယ်လိုလူတွေ ဦးဆောင်မလဲ။ သူတို့တွေက တိုင်းရင်းသားတွေအပေါ်မှာ တကယ်ကို စိတ်ကောင်း၊ စေတနာကောင်း ရှိတဲ့သူတွေ ဖြစ်ဖို့ လိုပါတယ်။ တပ်မတော်မှာ သြဇာအာဏာ ညောင်းတဲ့လူလည်း ဖြစ်ဖို့ လိုပါတယ်။

အစိုးရက ဘယ်လောက်သွားသွား တပ်မတော်ပိုင်းက သမ္မတ အထက်မှာတောင် သူတို့ရှိနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဒါကြောင့် သူတို့ကို ပြောင်းလဲအောင် လုပ်နိုင်တဲ့သူမျိုး ဖြစ်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးမှာ တပ်မတော်ရဲ့ ပါဝင်မှုကလည်း အရေးကြီးပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဖက်ဒရယ်ကို ပါးစပ်ကပဲ မပြောဘဲ တိုင်းရင်းသားတွေ အပေါ်မှာ တကယ်စိတ်ကောင်း စေတနာကောင်းရှိပြီး ငြိမ်းချမ်းရေးကို တိုင်းရင်းသားတွေနဲ့ လက်တွဲ၊ ငြိမ်းချမ်း ရေးကို အကောင်အထည်ဖော်နိုင်တဲ့သူမျိုး ဖြစ်ဖို့လိုပါတယ်။

အခုလာမယ့် အစိုးရအဖွဲ့မှာ တိုင်းရင်းသားတွေပါလာရင် ပိုကောင်းပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ နေရာမှာ အခုဆို ခေါင်းဆောင်ပိုင်းက အကုန်ဗမာတွေချည်းပဲဆိုတော့ လုပ်ငန်းကော်မတီက စကား ပြောရင်လည်း သူတို့က မကြိုက်ဘူး။

ကျွန်မကိုလည်း အမျိုးသမီးလည်း ဖြစ်တော့ ကျွန်မတို့ ပြောတဲ့စကားက ဘာမှအရေးမပါဘူးဆိုပြီး လက်မခံတာမျိုးလေးတွေလည်း ရှိပါတယ်။ တိုင်းရင်းသားတွေ အသံရော အမျိုးသမီးတွေရဲ့ အသံ တွေပါ နားထောင်သင့်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required