NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

‘ဘန်ဇီမာဟာ ကြီးကျယ်တဲ့ ကစားသမားတစ်ဦးပါ။’ - ရီးယဲလ်အသင်းနည်းပြ လိုပီတီဂွီ

.

(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်း နည်းပြဖြစ်သူ လိုပီတီဂွီက ရာသီသစ်ကို ခြေစွမ်းကောင်းတွေနဲ့ စတင်နိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီမာဟာ ကြီးကျယ်တဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

ဘန်ဇီမာဟာ ဒီရာသီ လာလီဂါဂိုးသွင်းအများဆုံးစာရင်းမှာ အာဂျင်တီးနား စူပါစတား မက်ဆီနဲ့အတူ ၄ ဂိုးစီဖြင့် ထိပ်ဆုံးမှာ အတူရပ်တည်နေပါတယ်။

နည်းပြ လိုပီတီဂွီက “သူ အခုလို ခြေစွမ်းပြနေတာကို ကျနော် မအံ့သြမိပါဘူး။ သူက ကြီးကျယ်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူ့အသက်အရွယ်အရလည်း ရင့်ကျက်ပြီး အကောင်းဆုံးအချိန်ကို ရောက်ရှိနေပါတယ်။ ကျနော်တို့ ဘာကို အလိုရှိသလဲဆိုရင်တော့ သူ လက်ရှိခြေစွမ်းကို ဆက်လက် ထိန်းထားဖို့ပါ။ ဒါ့အပြင် ပိုကောင်းလာဦးမယ်လို့လည်း ထင်ပါတယ်။”လို့ စနေနေ့မှာ ကစားမယ့် ဘီလ်ဘာအိုနဲ့ ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ လီဟာနက်စ်အသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုးသွင်းယူခဲ့ပြီးနောက် လာလီဂါပြိုင်ပွဲမှာ မတူညီတဲ့ ပြိုင်ဘက် ၃၃ သင်းကို ဂိုးသွင်းနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၉ ခုနှစ်က လိုင်ယွန်မှ ရီးယဲလ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ အသက် ၃၀ နှစ်ရှိ ဘန်ဇီမာဟာ ၎င်းရဲ့ ကစားသမားဘဝ လာလီဂါသွင်းဂိုးမှာလည်း ၁၃၁ ဂိုးအထိ ရှိလာခဲ့ပြီး စနေနေ့ (ယနေ့ည) ယှဉ်ဆိုင်ရမယ့် ဘီလ်ဘာအသင်းနဲ့လည်း မှတ်တမ်းကောင်းတစ်ခုရှိနေပြန်ပါတယ်။ ဒါကတော့ သူဟာ ဘီလ်ဘာအိုအသင်းနဲ့ တွေ့ဆုံခဲ့တဲ့တစ်လျှောက် ၈ ဂိုးသွင်းထားနိုင်တာပဲဖြစ်ပါတယ်။

လိုပီတီဂွီက နိုင်ငံတကာပွဲတွေမှာ ပုံစံကောင်းနဲ့ ကစားခဲ့တဲ့ ဝေးလ်ကစားသမား ဂါရတ်ဘေးလ်မှာလည်း အသင်းဆီ ပြန်ရောက်လာခဲ့ပြီး လာမယ့် ဘီလ်ဘာအိုပွဲအတွက် လုံလောက်တဲ့ အနားယူချိန်ရှိခဲ့တယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

“ဘေးလ်ဟာ ဝေးလ်အသင်းနဲ့ ပွဲစဉ်တွေမှာ ပုံစံကောင်းတွေနဲ့ ပြန်ရောက်ခဲ့ပါတယ်။ သူ နောက်ဆုံးပွဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တယ်။ ဒါ့ကြောင့် သူအတွက် အနားယူဖို့ အချိန်ရှိခဲ့ပါတယ်။”လို့ နည်းပြ လိုပီတီဂွီက ပြောပါတယ်။

ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းဆီ စီရော်နယ်လ်ဒို ပြောင်းရွှေ့သွာခဲ့ပေမယ့် ရီးယဲလ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဘန်ဇီမာ၊ ဂါရတ်ဘေးလ်နဲ့ အဆန်စီယိုတို့ဟာ တွဲဖက်ညီညီ အတူတူ တွဲကစားနိုင်ခဲ့ကြပြီး လက်ရှိ လာလီဂါပြိုင်ပွဲမှာ ဘန်ဇီမာက ၄ ဂိုး၊ ဘေးလ်က ၃ ဂိုးအသီးသီး သွင်းယူထားပါတယ်။

Ref; EFE-EPA