ပရိသတ်တွေ ဒေါက်ဖိနပ်နဲ့ လာကြည့်လို့ရမယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ရှိုးပွဲ

.

 

ရန်ကုန်။စက်တင်ဘာ ၁၄ ။          ။ ရှိုးပွဲများပြုလုပ်တိုင်း ပရိသတ်နဲ့ ထပ်တူ ခုန်ပေါက်မြူးတူးသီဆိုလေ့ရှိသော တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က အမျိုးသားကဇာတ်ရုံမှာပထမဆုံး ပြုလုပ်မယ့် ရှိုးပွဲကိုတော့ ပရိသတ်တွေ ဒေါက်ဖိနပ်စီးပြီး လာကြည့်လို့ရပြီလို့ ဆိုပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြီးခဲ့သောဇာတ်လမ်းအကျဉ်း ဆိုတဲ့ အမည်နဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲကို ရန်ကုန်မြို့အမျိုးသားဇာတ်ရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

" ကျွန်တော်အဆိုတော်ဖြစ်ကတည်းက အမျိုးသားကဇာတ်ရုံမှာပွဲလုပ်ချင်ခဲ့တာ။အခုကတော့ ကျွန်တော့် ဘဝရဲ့ပထမဆုံးထိုင်ခုံနဲ့ကြည့်ရမယ့်ရှိုးပွဲ၊စိုင်းစိုင်းရဲ့ပရိသတ်တွေဒေါက်ဖိနပ်နဲ့လာကြည့်လို့ရမယ့်ပွဲတစ်ပွဲပါ။ တနည်းအားဖြင့်ပြောရရင် ငြိမ်ပြီးကြည့်ရမယ့်ပွဲတစ်ပွဲပါ။ သီချင်းတွေကိုတော့ မရွေးချယ်ရသေးပါဘူး။ ပွဲရဲ့ theme နဲ့ညီမယ့်သီချင်းတွေကိုရွေးပြီးသီဆိုသွားမှာပါ" လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။

ပြီးခဲ့သော ဇာတ်လမ်းအကျဉ်းလို့ အမည်ပေးထားသော ရှိုးပွဲမှာ တေးသီချင်းစုစုပေါင်း အပုဒ် ၃၀ခန့်ကို သီဆိုမှာဖြစ်ပြီး တေးသံရှင် ဓီရာမိုရ်ရဲ့ တီးဝိုင်းနဲ့အတူ Dreams Lover တီးဝိုင်းတို့နဲ့ ပူးပေါင်းတင်ဆက် သွားမှာလည်း ဖြစ်ပါတယ်။  

"ကျွန်တော့်ရဲ့ရှိုးပွဲတော်တော်များများမှာ သံစုံတီးဝိုင်းနဲ့မလုပ်ဖူးဘူး။ အကယ်၍လုပ်ခဲ့ရင်လည်း ၁၀ပုဒ်လောက်ပဲ သံစုံတီးဝိုင်းနဲ့ဆိုပြီးတော့ ကျန်တဲ့သီချင်းတွေကို DJ နဲ့ဆိုခဲ့တာပေါ့နော်။ အခုဒီပွဲမှာတော့ ပွဲစဉ်အစအဆုံး သံစုံတီးဝိုင်းနဲ့ဆိုသွားမှာဖြစ်တဲ့အတွက် ကျွန်တော်ကိုယ်တိုင်လည်း အရမ်းစိတ်လှုပ်ရှားနေပါတယ်"လို့ စိုင်းစိုင်းခမ်းလှိုင်က ဆက်ပြောပါတယ်။

အဆိုပါပွဲအတွက် လက်မှတ်တွေကို စက်တင်ဘာ ၁၆ရက်ကစတင်ပြီး ရန်ကုန်မြို့ဂျန်းရှင်းစီးတီးမှာ လူတစ်ဦးကို လက်မှတ် ၂ စောင်နှုန်း ရောင်းချသွားမှာ ဖြစ်သလို ကျန်ရှိတဲ့လက်မှတ်တွေကိုတော့ မြန်ပွဲ( Myanpwel -Hotline -09445151010 ) မှာဆက်လက်ရောင်းချသွားမှာ ဖြစ်ပါတယ်။