မီးမငြှိမ်းသတ်ရဘဲ မြွေဖမ်းအလုပ်ကို ပိုလုပ်နေရတဲ့ ဘန်ကောက် မီးသတ်တပ်ဖွဲ့

.

စက်တင်ဘာ ၁၄ ။           ။ ဘန်ကောက်မြို့ မြောက်ပိုင်းက မီးသတ်ဌာနတစ်ခုကတော့ ပြီးခဲ့တဲ့ ဇွန်လနောက်ပိုင်းကတည်းက မီးငြှိမ်းသတ်ဖို့အတွက် တစ်ကြိမ်တစ်ခါမှ ခေါ်ဆိုခြင်း မခံရသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့်  လူတွေကို အန္တရာယ်ပေးနိုင်တဲ့ ချောကျိကျိ တွားသွားသတ္တ၀ါ မြွေတွေကို ဖမ်းဆီးရှင်းလင်းဖို့အတွက်တော့ ခဏခဏ အကူအညီတောင်းခံနေရလို့ ယင်းအတွက် ၂၄ နာရီ ဟော့လိုင်းတစ်ခု ဖွင့်ထားရတယ်လို့ ဆိုပါတယ်။

" ဒီ မြွေဖမ်းတဲ့ အလုပ်ကို လုပ်ရတာ တော်တော် များပါတယ်၊ ဒါပေမယ့် မီးငြှိမ်းသတ်တာကတော့ သိပ်မလုပ်ရသေးပါဘူး" ဆိုပြီး Lat Yao ဒေသ မီးသတ်ဌာနက မီးသတ်သမားတစ်ဦးဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ် ဆူရာပေါင် ဆူပီချိုင်းက ပြောပါတယ်။

တစ်ချိန်က စိမ့်မြေဖြစ်ခဲ့တဲ့ မြေနေရာအပေါ် မြို့တည်ထားတဲ့ ဘန်ကောက်မြို့မှာတော့ ခုလို မြွေတွေကို မြင်ရတာက သိပ်ပြီး ထူးဆန်းခြင်းတော့ မရှိပါဘူး။ ပန်းခြံတွေ၊ ရေမြောင်းတွေ၊ စာသင်ကျောင်းတွေလို အများပြည်သူ နေရာတွေမှာ မြွေတွေက တွေ့ရတာမျိုးက ပုံမှန်ကိစ္စလိုမျိုးတောင်ဖြစ်နေပါတယ်။

ဒါပေမယ့် တစ်ခါတစ်ရံမှာ  လူနေအိမ်တွေမှာ ကြွက်ရှိရင်  မြွေနဲ့ လူနဲ့ ထိပ်တိုက်တွေ့ကြတဲ့ အဖြစ်မျိုးတွေလည်း ကြုံတတ်ရပြန်ပါတယ်။

ခုလို မိုးကာလမှာတော့ မြွေတွေ ပိုပေါလာတတ်လို့ ဆူရာပေါင်တို့ မီးသတ်ဌာနဆီ မြွေဖမ်းဖို့ အကူအညီတောင်းမှုတွေ ခပ်စိတ်စိတ် ရှိနေလျက်ရှိပါတယ်။

အဲဒီလိုနဲ့ ခေါ်တဲ့နေရာကို သွားပြီး ဖမ်းဆီးရမိလာတဲ့ မြွေတွေကိုတော့ ဘန်ကောက်မြို့လယ်က မြွေထိန်းသိမ်းရေးခြံဆီ သွားရောက်ပို့ဆောင်ပေးရပါတယ်။

ခုလို မြွေတွေ ရှိနေတာကလည်း ဟန်ချက်မျှတတဲ့ ဂေဟစနစ်တစ်ခုကို ထိန်းထားနိုင်ဖို့ တစ်မျိုး ကောင်းမွန်ပါတယ်ဆိုပြီး ပြည်သူတွေကို ရှင်းပြဖို့ ကြိုးစားနေပါတယ်ဆိုပြီး ဆူရာပေါင်က ပြောပါတယ်။

" ကျွန်တော်တို့ မြွေအားလုံးကို သတ်လိုက်လို့ သူတို့မရှိတော့ဘူးဆိုရင် ဘာဖြစ်လာမလဲ၊ ကြွက်တွေ ပိုသောင်းကျန်းလာပြီး ရောဂါတွေပါ သယ်လာပါလိမ့်မယ်" ဆိုပြီး ၎င်းက ပြောသွားပါတယ်။