ဘော့စတွန်မြို့အနီးတစ်ဝိုက်ရှိ မြို့များတွင် မီးလောင်ပေါက်ကွဲမှုများဖြစ်ပွား

.

စက်တင်ဘာ ၁၄ ။         ။ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ၁၃ ရက်က အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့မြောက်ပိုင်းက မြို့တွေမှာ မီးလောင်ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ ဂက်စ်ပေါက်ကွဲမှုတွေပါ ဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက ထင်မြင်ယူဆလျက်ရှိပါတယ်။

အဆိုပါမီးလောင်ပေါက်ကွဲမှုတွေကြောင့် ဒေသခံ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာ လောရန့်မြို့၊ အန်ဒူဗာမြို့နဲ့ အန်ဒူဗာမြောက်ပိုင်းတစ်လျှောက်မှာ ဂက်စ်နံ့တွေ ရတဲ့အတွက် ဂက်စ်လိုင်းတွေရဲ့ ဖိအားကိုလည်း ထိန်းညှိထားလိုက်ပြီလို့ မက်ဆာချူးဆက်ပြည်နယ် ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာ လောရန့်မြို့၊ အန်ဒူဗာမြို့နဲ့ အန်ဒူဗာမြောက်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံတွေကို ဘေးလွှတ်ရာပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက မှာကြားခဲ့ပါတယ်။

မီးအားပြင်းထန်မှုကို ကာကွယ်ရန် တစ်မြို့လုံးကို လျှပ်စစ်ဓာတ်အားမဖြတ်တောက်ခင်မှာ လောရန့်စ်မြို့မြောက်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံတွေကို နေအိမ်ကနေ ထွက်ခွာကြဖို့ မြို့တော်ဝန်က မှာကြားခဲ့ပါတယ်။

မီးလောင်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေကို လောရန့်အထွေထွေဆေးရုံကြီးမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာ နယ်မြေတွေမှာ မီးငြိမ်းသတ်လျက်ရှိကြောင်း၊ ဒေသခံတွေအနေနဲ့ အာဏာပိုင်တွေပြောတဲ့အတိုင်း လိုက်နာဖို့လိုကြောင်း မက်ဆာချူးဆက်ပြည်နယ်အစိုးရ ချာလီဘေကာက ပြောကြားခဲ့ပါတယ်။