ဘင်္ဂလားဒေ့ရှ်မှာ မြစ်ရေတိုက်စားမှုကြောင့် မိသားစုပေါင်း ၅၀၀၀ ဘေးလွတ်ရာ ရွှေ့ပြောင်း

.

ဒါကာ၊ စက်တင်ဘာ ၁၄ ။              ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်လွှားမှာ ပုံမှန်မိုးရွာသွန်းနေရာကနေ သည်းသည်းထန်ထန် ရွာသွန်းလာတာ စက်တင်ဘာ ၁၃ ရက်နေအထိ ဆက်လက်ရွာသွန်းနေပါတယ်။

သည်းထန်တဲ့ မိုးနဲ့အတူ မြစ်ရေတိုက်စားမှုကြောင့် ထောင်ပေါင်းများစွာ ဘေးဒုက္ခတွေ့ရပြီး ခိုလှုံရေးစခန်းတွေ၊ အသိမိတ်ဆွေနဲ့ ဆွေမျိုးသားချင်း အိမ်တွေဆီ ပြောင်းရွှေ့နေထိုင်ကြရပါတယ်။

မြင့်တက်လာတဲ့ မြစ်ရေနဲ့အတူ ဒီမိသားစုဝင်တွေရဲ့ မြေယာတွေနဲ့ ကျွဲနွားတိရစ္ဆာန်တွေလည်း ဆုံးရှုံးကြရပါတယ်။

ဘင်္ဂလားဒေ့ရှ်အလယ်ပိုင်း ရှာရီယက်ပူခရိုင်က ဂျူဂျီရာကျေးရွာမှာနေထိုင်တဲ့ မီးဖိုချောင်သုံး ဂတ်စ်ငွေ့အရောင်းအေဂျင်စီ၊ စူပါမားကက်တစ်ခု၊ အိမ်နှစ်အိမ်နဲ့ လယ်ယာမြေဧကအချို့ ပိုင်ဆိုင်တဲ့ လူချမ်းသာစာရင်းဝင် အီမမ်ဟော့စိန်မှာလည်း လူမွဲစာရင်း ၀င်သွားခဲ့ရပါပြီ။

“တစ်ချိန်ကတော့ ကျွန်တော်တို့ဟာ မြေရှင်ကြီးတွေ ဖြစ်တယ်လို့ပဲ သိပေမယ့် ဒီကနေ့မှာတော့ ခြေမဲ့လက်မဲ့နဲ့ ခိုကိုးရာမဲ့ဘ၀ ရောက်ရပြီ။”လို့ ဆွေမျိုးတစ်ဦးအိမ်မှာ နေထိုင်နေရတဲ့ ဟော့စိန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ  မုတ်သုံရာသီအစ ဇွန်လကစပြီး မိုးသည်းထန်လို့ ပါဒမာမြစ်ရေဟာ လျှံတက်ပြီး မြစ်ရေတိုက်စားတာကြောင့် ဟော့စိန်တို့လို မြစ်ကမ်းပါးနေ ရွာသူရွာသား အများစုဟာ ဒုက္ခသည်အဖြစ် ခိုကိုးရာမဲ့ ဘ၀ ရောက်ခဲ့ရတော့တာပဲ ဖြစ်ပါတယ်။

အစိုးရရဲ့ သတင်းအချက်အလက်အရ သုံးလအတွင်း ဘေးလွတ်ရာရွှေ့ပြောင်းသူ မိသားစုပေါင်း ၅၀၈၁ စု ရှိကြောင်း သိရပါတယ်။

ဟော့စိန်ရဲ့ အိမ်ဟာဆိုရင်လည်း မြစ်ကမ်းပါးကနေ မီတာ ၅၀၀ အကွာမှာ ရှိပေမယ့် မိုးစတင်ရွာသွန်းပြီး တစ်ဖြည်းဖြည်း မြစ်ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။