ဟာရီကိန်းမုန်တိုင်း ဖလောရန့် မြောက်ကယ်ရိုလိုင်းနားသို့ ချဉ်းကပ်လာ၍ မိုးသည်းထန်စွာ ရွာသွန်း

.

မီယာမီ၊ စက်တင်ဘာ ၁၄ ။          ။ မြောက်ကယ်ရိုလိုင်းနားကမ်းခြေမှာ ဟာရီကိန်းမုန်တိုင်း ဖလောရန့်ရဲ့ ဒဏ်ကို စတင်ထိတွေ့ခံစားရပြီဖြစ်ရာ မိုးများ သည်းသည်းထန်ထန် ရွာသွန်းလျက် ရှိနေပါတယ်။

အန္တရာယ်အဆင့် ၂ အဆင့်သို့ လျော့ကျသွားပေမယ့် ကမ်းခြေဆီ ချဉ်းကပ်လာနေတဲ့ ဒီမုန်တိုင်းရဲ့ အရှိန်ဟာ မကြာသေးတဲ့ နာရီပိုင်းအတွင်း တစ်နာရီ ၁၀ မိုင်နှုန်းမှ ငါးမိုင်နှုန်းသို့ ပညာရှင်တွေ ခန့်မှန်းထားတဲ့အတိုင်း ကျဆင်းသွားပါတယ်။

စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းလောက်မှာ ကုန်တွင်းပိုင်းကို ဒီဟာရီကိန်းမုန်တိုင်း ၀င်ရောက်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပြီး ဘေးအန္တရာယ် မကင်းသေးကြောင်း အမျိုးသားဟာရီကိန်းစင်တာ NHC က ထုတ်ပြန်ပါတယ်။

ဖလောရန့်မုန်တိုင်းဟာ စက်တင်ဘာ ၁၂ ရက်က အဆင့် ၂ သို့ လျှော့ကျသွားခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်မှာ အမေရိကန် အရှေ့တောင်ပိုင်း ကမ်းခြေတွေဆီ လေတိုက်နှုန်း တစ်နာရီ ၉၉ မိုင်နှုန်းနဲ့ ရွှေ့လျားလာခဲ့တာဖြစ်ကြောင်း မီယာမီ အခြေစိုက် NHC က ပြောပါတယ်။

ဖလော်ရန့်မုန်တိုင်းဟာ အဆင့် ၄ အဆင့်ထိ လေတိုက်နှုန်း တစ်နာရီ ၁၇ မိုင်ကနေ  ခုသီတင်းပတ်အစောပိုင်းက ကြီးထွားလာခဲ့ရာက တဖြည်းဖြည်း အားပျော့လာခဲ့ကာ အဆင့် ၂ အဆင့်အထိ ကျဆင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။