ဗြိတိန်မှာ နှစ်ဖက်ချွန်သူလျှိုကို လုပ်ကြံသူတွေက အရပ်သားတွေပဲဖြစ်လို့ ပူတင် ပြော

.

မော်စကို၊ စက်တင်ဘာ ၁၂ ။       ။ ဗြိတိန်နိုင်ငံတွင်းမှာ စပိုင်ဟောင်း ဆာဂျေးစကရီပယ်ကို လုပ်ကြံသူတဲ့ ဗြိတိသျှနှစ်ဦးကို ရုရှအနေနဲ့ သိရှိထားပြီလို့ စက်တင်ဘာ ၁၂ ရက်မှာ သမ္မတ ဗလာဒီမာပူတင်က ပြောလိုက်ပါတယ်။

စစ်တပ်သုံး အာရုံကြောသေဓာတုအဆိပ်နဲ့ လုပ်ကြံသူတွေဟာ အရပ်သားတွေပဲ ဖြစ်ပြီး ရာဇ၀တ်သားတွေမဟုတ်ကြောင်းလည်း ပူတင်က ပြောပါတယ်။

“သူတို့ ဘယ်သူတွေလည်းဆိုတာ ကျွန်တော်တို့ သိထားပြီ။ သူတို့ကို ခြေရာခံတွေ့ရှိထားပြီ။”လို့လည်း ပူတင်က ပြောလိုက်တာဖြစ်ပါတယ်။

ရုရှအရှေ့ပိုင်းမြို့ ဗလာဒီဗိုစတော့ခ်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တရုတ်သမ္မတ ရှီကျင်ဖျင်တို့ပါ တက်ရောက်တဲ့ စီးပွားရေးဖိုရမ်တစ်ရပ်မှာ ပူတင်က အထက်အတိုင်း ပြောခဲ့တာပါ။

ဗြိတိန်အာဏာပိုင်တွေရဲ့ လုပ်ကြံသူတွေဟာ ရုရှစစ်ထောက်လှမ်းရေးက အဖွဲ့ဝင် နှစ်ဦးဖြစ်တယ်လို့ ပြောဆိုထားတာကို တုံ့ပြန်တဲ့ဟန်နဲ့ ပူတင်က “တကယ်ပဲ သူတို့ဟာ အရပ်သားတွေပဲ ဖြစ်ပါတယ်။”လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

မတ်လအတွင်းက ဗြိတိန်မြေပေါ်မှာ ရုရှနှစ်ဖက်ချွန် စပိုင်ဟောင်းနဲ့ သမီးဖြစ်သူတို့ ဓာတုအဆိပ်နဲ့ လုပ်ကြံခံရပြီး အပြင်းအထန် နာမကျန်းဖြစ်ခဲ့ပေမယ့် အသက်ရှင်သန်ခဲ့ပါတယ်။

ဒီလုပ်ကြံမှုကြောင့် ရုရှကို ဗြိတိန်အစိုးရက စွပ်စွဲပြီး ရုရှက ၎င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ရာက သံတမန်တင်းမာမှုတွေ ဖြစ်ပွားခဲ့ရတာလည်း ဖြစ်ပါတယ်။