ဖရဲနှင့် သခွားမွှေးကို အဓိကပို့ကုန်အဖြစ် တရုတ်နိုင်ငံသို့ တင်ပို့ရန်စီစဉ်နေ

.

စက်တင်ဘာ ၁၀ ။          ။ ဖရဲနှင့် သခွားမွှေးကို မြန်မာနိုင်ငံ၏ အဓိကအမျိုးသားပို့ကုန်အဖြစ် ထည့်သွင်းဆောင်ရွက်ရန်စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်း အတွင်းရေးမှူး ဒေါ်စန္ဒာမျိုး ကပြောသည်။

"ကျွန်မတို့ ဖရဲနဲ့ သခွားမွှေးကို အမျိုးသားပို့ကုန်ဗျူဟာမှာ ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသား ဖရဲ၊ သခွားပို့ကုန်ဗျူဟာရေးဆွဲဖို့စတင်နေပြီဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်အနေနဲ့ ဆိုရင်ပေါ့။ နောက်တစ်ခုက အာဆီယံထဲမှာပါပြီဆိုရင် အရည်အသွေးစံချိန်စံညွှန်းတွေက အာဆီယံစံညွှန်းနဲ့ လိုက်ဖက်ရမှာဖြစ်လို့ ဖရဲကို တော့ စံချိန်စံညွှန်းမူကြမ်းတွေဆွဲပြီး အတည်ပြုပြီးသွားပြီ။ သခွားမွှေးကတော့ တင်နေဆဲဖြစ်ပါတယ်" ဟု ဒေါ်စန္ဒာမျိုး ကပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် အရည်အသွေးစံချိန်စံညွှန်းများသည် အာဆီယံစံညွှန်းများနှင့်အညီ လုပ် ဆောင်ရမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ သတ်မှတ်ထားသော စံညွှန်းများကိုလည်း ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန နှင့် တရုတ်နိုင်ငံမှ အကောက်ခွန်ဌာနတို့ တရားဝင်တင်ပို့ရောင်းချမှုများအတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း သတင်းရရှိ သည်။

တရုတ်နိုင်ငံသည် ဖရဲသီးဝယ်လိုအားသည်များပြားပြီး ယခုနှစ်တွင် တရုတ်နိုင်ငံ၌ ရာသီဥတုဆိုးရွားမှုအခြေအ နေများကြောင့် ပြည်တွင်းမှ တင်ပို့မှုပိုမိုများပြားနိုင်ကြောင်း ဖရဲနှင့် သခွားမွှေး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ ထံမှ သိရသည်။

"တရုတ်ပြည်ရဲ့ရာသီဥတုက ဒီနှစ်မှာအရမ်းကိုဆိုးနေတယ်။ အဲဒီတော့ သူတို့ဆီမှာစိုက်မရဘူး။ ကျွန်တော်တို့ကို စာချုပ်နဲ့ ၀ယ်ယူမယ့်စနစ်တွေကို အများကြီးကမ်းလှမ်းတယ်။ အဓိကတော့ ရာသီဥတုပါဘဲ။ ရာသီဥတုကို ကျွန် တော်တို့လည်း ဘယ်လောက်ကောင်းမလဲလို့တော့ မျော်မှန်းလို့မရဘူး။ တရုတ်နိုင်ငံဘက်ကရတဲ့ သတင်းတွေ အရတော့ ရာသီဥတုအရမ်းဆိုးတဲ့အတွက် လက်ရှိလည်း ပျက်စီးမှုများတယ်။ ဖရဲခင်းတွေ ဧကသိန်းချီပြီးပျက် စီးတယ်လို့သိရတယ်" ဟု ဖရဲစိုက်ပျိုးထုတ်လုပ်ရောင်းချသူ ဦးဇော်မင်း ကပြောသည်။

လက်ရှိ ဖရဲသီးတစ်တန်ကို အမေရိကန်ဒေါ်လာ ၃၂၀ နှင့် သခွားမွှေးတစ်တန်လျှင် ဒေါ်လာ အမေရိကန်ဒေါ်လာ ၆၅၀ဖြင့် စာချုပ်ချုပ်ဆို တင်ပို့ရောင်းဝယ်မှုများရှိနေကြောင်း ဖရဲနှင့် သခွားမွှေး စိုက်ပျိုးထုတ်လုပ်ရောင်းချသူ များထံမှ သိရသည်။

ပြည်တွင်းဖရဲသီးတင်ပို့မှုဈေးကွက်သည် တရုတ်နိုင်ငံကို အဓိကတင်ပို့နေပြီး ပြီးခဲ့သည့်နှစ်တွင် ဖရဲသီးတန်ချိန် ၈သိန်းကျော်နှင့် သခွားမွှေးတန်ချိန် ၁သိန်းနှစ်သောင်းကျော်တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဖရဲနှင့် သခွားမွှေး စိုက် ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။

ဖရဲသီးများကို မူဆယ်ဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မှုအများဆုံးပြီး ဒုတိယအနေဖြင့်ဟောင်ကောင် နှင့် တတိယတင်ပို့မှုတွင် မလေးရှားနိုင်ငံတို့ ပါဝင်ကြောင်း သတင်းရရှိသည်။