ပိုက်ဆံက ဒုတိယ ဘုရားသခင်ပါ လို့ပြောတဲ့ အေးအေးငြိမ်းနဲ့ အိအိငြိမ်း

ပိုက်ဆံက ဒုတိယ ဘုရားသခင်ပါ လို့ပြောတဲ့ အေးအေးငြိမ်းနဲ့ အိအိငြိမ်း

ရန်ကုန်၊ စက်တင်ဘာ ၇ ။          ။ တစ်ချိန်က မြန်မာနိုင်ငံမှာ ရင်ချင်းဆက် အမွှာမွေးဖွားပြီး ခွဲစိတ်မှု အောင်မြင်ခဲ့တဲ့ ညီမနှစ်ဦးကို မှတ်မိ ကြဦးမှာပါ။ သူတို့နှစ်ဦးကတော့ အေးအေးငြိမ်းနဲ့ အိအိငြိမ်းဆိုတဲ့ အမွှာညီမ နှစ်ဦးပဲ ဖြစ်သည်။ သူတို့ နှစ်ဦးကို မွန်ပြည်နယ်၊ ဘီးလင်း ဆေးရုံတွင် မွေးဖွားခဲ့ပြီး ၇ ရက်သမီးဖြင့် ရန်ကုန် ကလေး ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ကလေးဆေးရုံတွင် နှစ်နှစ်လုံးလုံး နေထိုင်ခဲ့ရပြီး နှနှစ်သမီးတွင် ရင်ချင်းဆက် မှုကို ခွဲစိတ်အောင်မြင်ခဲ့သည်။ ထိုအချိန်က စပြီး အသက် ၁၆နှစ် ပြည့်သည့် အထိ ဆရာဝန်များကို ပေးနေသည့် တိုက်ခန်း တွင်နေထိုင်ခဲ့ရသည်။ အသက် ၁၆နှစ် ပြည့်သည့် အချိန်မှာတော့ မိဘများနှင့်အတူ နေထိုင်ခွင့်ရခဲ့ပြီး ဖခင် ဖြစ်သူကတော့ ၎င်းတို့ ၁၄နှစ်သမီး အရွယ်တွင် ဆုံးပါးသွားခဲ့သည်။

လက်ရှိတွင် အေးအေးငြိမ်းနဲ့ အိအိငြိမ်း အသက် ၂၅ နှစ် ထဲ ဝင်ရောက်ပြီ ဖြစ်သလို ၎င်းတို့ ဝါသနာပါသည့် ရည်မှန်းချက်တွေ အတွက် လုပ်ငန်းခွင် အသီးသီးမှာ ဝင်ရောက် လုပ်ကိုင်ကာ ကြိုးစားနေသည့် လူငယ် နှစ်ဦးလည်း ဖြစ်သည်။ ၎င်းတို့လက်ရှိ ဖြတ်သန်းနေသည့် ဘဝနှင့် ရှေ့ဆက် ဖြတ်သန်းသွားမည့် ခံယူချက်များကို မဇ္ဈိမ မှ မေးမြန်း ဖြစ်ခဲ့သည်။

အေးအေးငြိမ်းနဲ့ အိအိငြိမ်းတို့ရဲ့ အခု လက်ရှိ အသက် ဘယ်လောက် ရှိသွားပြီလဲ။
 
အခု ၈လပိုင်း ၄ရက် က ၂၄ နှစ် ပြည့် ခဲ့ပါပြီ။
 ပညားရေပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြ ပေးပါဦး။

ညီမကတော့ ပထမနှစ် မြန်မာစာနဲ့ပဲ ကျောင်းဆက် မတက်ဖြစ်တော့ဘူး။ အေးငြိမ်းကတော့ ၁၀တန်း ပြန်မဖြေ ဖြစ်တော့ဘူး။ ပညာရေး ပြီးဆုံးအောင် ဆက်မတက် ဖြစ်တဲ့ အကြောင်းအရင်းကကော။
 
အေးငြိမ်း (ညီမက စာသိပ် မကျက်ချင်ဘူး )။ အိငြိမ်း (ညီမ ကတော့ စီးပွားရေး လုပ်ချင်လို့ ပိုက်ဆံ များများ ရှာချင်လို့ ဆက်မတက် ဖြစ်တော့တာပါ။

ကျောင်းဆက်မတက်ဖြစ်ပဲ နှစ်ယောက်လုံး လုပ်ငန်းဝင် ဝင်ခဲ့ကြတဲ့အခါ လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲ ရှိရင် ပြောပြပါအုံး။

ညီမတို့ နှစ်ယောက်လုံး ၂၁ နှစ်လောက်မှာ အလုပ်အတွေ့အကြုံ စရှိတာ။ စစ အလုပ်လုပ်ချင်းကတော့ ကြောက်တယ် ငါလုပ်နိုင်ပါ့မလား ဆိုပြီး သိပ်ပြီး ယုံကြည်မှုလည်း မရှိဘူး။ နောက်ပိုင်း ကျတော့လည်း အလုပ်က သင်ပြပေးတာနဲ့ လုပ်ငန်း သဘောကို နားလည်သွားတယ်။ အရမ်းတော့ ခက်ခဲတာ မရှိခဲ့ပါဘူး။

ညီမလေးတို့ နှစ်ယောက်ရဲ့ နေထိုင်မှု ပုံစံလေးတွေလည်း ပြောပြပါအုံး။

ရွှေတိဂုံဘုရား တောင်ဘက်မုဒ် ကန်တော်မင်္ဂလာ ပန်းခြံ အခုတော့ ဦးဥတ္တမ ပန်းခြံလို့ ပြောင်းလိုက်ပြီ အဲဒီထဲမှာ နေတယ်။ အဲဒီကို ပြောင်းလာတာက ၂၀၀၆ ခုနှစ် လောက်မှ ညီမတို့ ၁၆နှစ်လောက်မှ အဲဒီကို ပြောင်းလာတာ မေမေတို့နဲ့ အတူတူ ပြန်နေတာပေါ့ ။ အဲဒီမတိုင်ခင်က ညီမတို့ နှနှစ်သမီး အထိ ကလေး ဆေးရုံကြီးမှာ နေရတယ်။
ဆရာဝန်တွေ အတွက်နေဖို့ တိုက်ခန်းပေးတဲ့ နေရာမှာ ညီမတို့ကို ပေးနေတယ်။ အခု မေမေတို့နဲ့ ပြန်နေဖြစ်တာ ကတော့ ညီမတို့ကို ၁၆နှစ် ပြည့်ရင် အမေတွေနဲ့အတူ ပြန်နေဖို့ အစကတည်းက အစီအစဉ် ရှိတယ်။ ညီမတို့ ၁၆နှစ် ပြည့်တော့ မေမေတို့နဲ့ အတူတူ ပြန်နေခွင့် ရတာပါ။

မိသားစု နဲ့ ပြန်နေရတဲ့အခါမှာ ခံစားချက်ကကော။

ညီမတို့အမေနဲ့ အတူ ပြောင်းနေမယ် ဆိုကတည်းက ပျော်တယ်။ ညီမတို့ ဟိုမှာ နေခဲ့တဲ့ ပုံစံနဲ့ အမေတို့နဲ့ နေရတဲ့ ပုံစံကတော့ မတူတော့ဘူး။ ညီမတို့ နှစ်ယောက်က တစ်သီးတစ်သန့်တည်းဖြစ်နေ တာလေ။ တခုခုဆို နှစ်ယောက်ပဲ တိုင်ပင်တာ ဆိုတော့ အမေတို့နဲ့ နည်းနည်းတော့ အဆင်မပြေ ဖြစ်တယ် တခုခုဆို ကိုယ်က မိသားစုနဲ့ နွေးနွေးထွေးထွေး တိုင်တိုင်ပင်ပင် မနေဖူးတော့ တခုခုဆိုပြန် မပြော မတိုင်ပင်ဖြစ်ဘူး။ အခုတော့ အဆင်ပြေပါတယ်။

မိသားစုနဲ့ နွေးနွေးထွေးထွေး မနေခဲ့ရတော့ တခြား မိသားစု နဲ့ ပျော်ပျော်ရွှင်ရွှင် နေရတဲ့ ကလေးတွေကို မြင်ရရင် ခံစားခဲ့ရတာမျိုး ရှိလား။

ညီမတို့က ငယ်ငယ်လေးကတည်းက အဲဒီအရသာကို မခံစားဖူးတော့ ၁၆နှစ်လောက်ထိက ဆရာမတွေနဲ့ နေသား ကျနေတဲ့ အတွက်ကြောင့် တစ်သီးတစ်သန့်ကြီး တခုခု စကားပြောစရာ ရှိရင် ညီမ နှစ်ယောက်တည်း ရှိတယ်။ မေမေတို့ ဖေဖေတို့နဲ့ ပြန်နေရတဲ့အချိန်မှာတောင် ဖေဖေက မရှိတော့ဘူး ဆုံးသွားပြီ။

မေမေနဲ့ ပြန်နေရတဲ့ အချိန်ကျမှ သူများ မိသားစု ပတ်ဝန်းကျင်ကို သတိထားမိတာ ။ ငယ်ငယ်တုန်းကကျတော့ အပေါင်းအသင်းက ကျောင်းမှာပဲ တွေ့ဖြစ်တယ်။ သူများအိမ် လည်တာတွေ ဘာတွေ မရှိဘူး။ အဲတာကြောင့် မို့လို့ မိသားစု ပုံစံ ကို မမြင်ခဲ့ရဘူး။

ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက အွန်လိုင်းမှာ အေးအေးငြိမ်းနဲ့ အိအိငြိမ်း ဝက်သားတုတ်ထိုး ရောင်းနေတယ် ဆိုတဲ့ သတင်းလေး တခု တက်လာတဲ့ အချိန်မှာရော ဘယ်လို ခံစား ခဲ့ရလဲ။

ညီမက စစခြင်းတုန်းက အဲဒီ ဝက်သားတုတ်ထိုး ရောင်းတယ် ဆိုတာ ညီမတို့ နာမည်နဲ့ တက်လာတာ မဟုတ်ဘူး။ မွန်အမွှာညီမ နှစ်ယောက် ဆိုတာနဲ့ တက်လာတာ သူတို့ကလည်း ဓာတ်ပုံရိုက်တာ ဝါသနာပါ တယ် ။ Photo Model လုပ်တာလဲ ဝါသနာ ပါတယ် သူတို့ ကိုယ်တိုင်လည်း အမွှာ ဖြစ်တဲ့ အတွက် အပျော် သဘောလေးနဲ့ ရိုက်တာ။

အဲဒီဆိုင်မှာ သူတို့နှစ်ယောက်က ဓာတ်ပုံ ရိုက်တာ ဝါသနာပါလို့ ရိုက်ရင်းနဲ့ ဖေ့ဘုတ်မှာ တင်ဖြစ်တာတဲ့ သူတို့လည်း ရောင်းတာ မဟုတ်ဘူး။ အဲဒီဆိုင်ကို ကြော်ငြာ ပေးလိုက်တဲ့ သဘော။ အဲတာကို တခြား တစ်ယောက်က ညီမတို့ နှစ်ယောက် နာမည်နဲ့ တွဲပြီး တင်လိုက်တာ။

အဲဒီလို ဓာတ်ပုံတွေ တွေ့တဲ့အခါ လိုက်ပြီး စုံစမ်း ခဲ့တာမျိုး လုပ်ခဲ့လား။

သူတို့ဘက်ကလည်း ညီမတို့နဲ့ အထင်ခံရလို့ ညီမတို့ကလည်း ညီမတို့ မဟုတ်တဲ့ အတွက် မို့လို့ စစချင်း ကတော့ နားလည်မှုလွဲတာလေးတွေ ဖြစ်ပေမယ့် ညီမတို့ အဲဒီ ညီမလေးတွေနဲ့ ခင်သွားတဲ့ အချိန်မှာ စကားပြောဖြစ်တယ် ဖေ့ဘုတ်ကနေ ပြောဖြစ်တော့မှ သံသယစိတ်လည်း ရှင်းသွားတယ်။ အမှန်တော့ ကြားက တစ်ယောက်ကပဲ လုပ်လိုက်တာပါ။

လက်ရှိ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် ရတဲ့အချိန်မှာ အခက်အခဲတွေကော ရှိလား။

ညီမက ၁၀တန်း အောင်ထားတာပဲ ရှိတာ တက္ကသိုလ်လည်း ဆက်မတက်ဖြစ်တော့ဘူး။ ညီမက ညီမ ခံယူချက်နဲ့ ညီမ  ဘွဲ့မယူချင်လို့တော့ မဟုတ်ဘူး ။ ညီမ အသက်အရွယ်နဲ့ ဆိုရင် ကိုယ်ဖြစ်ချင်တဲ့ အရာ တခုကို လုပ်ဖို့ အတွက် ညီမ ကျောင်းဆက်မတက်ဖြစ်တော့ ညီမ စီးပွားရေး လုပ်ချင်တယ်။

စီးပွားရေးမှာ အောင်မြင်တဲ့ သူ တစ်ယောက် ဖြစ်ချင်တဲ့ အတွက် ညီမ အခု အောက်ခြေကနေ ကြိုးစားနေတာပါ။ အဓိကက စိတ်ဓာတ် ခိုင်မာဖို့ပဲ လိုတာပါ။ ကိုယ့်မှာ အတန်းပညာ ရှိသင့်သလောက်မရှိဘူး ဒီလူ မအောင်မြင်ဘူးလို့ တရားသေ ပြောလို့မရဘူး။ သူ့ရဲ့ စိတ်ဓာတ်နဲ့ သူ့ရဲ့ ခံယူချက်ပေါ် မူတည်ပြီး တော့ သူကြိုးစားလို့ရတယ်။

အေးအေးငြိမ်း

ညီမ ကတော့ အလုပ်လျှောက်တဲ့ အခါမှာ ပညာအရည်အချင်းကတော့ လိုအပ် တာပေါ့။ ညီမ က စာကျက်ရတာ ဝါသနာ မပါတော့ဘူး ။ အရမ်းကြီး ခက်ခဲတာမျိုးတော့ မရှိဘူး ညီမ အလုပ်လျှောက်တယ် အလုပ်ရတယ် ။ အလုပ်ထဲမှာ အဆင်ပြေပြေနဲ့ပဲ ကျော်ဖြတ် လာတာပါ။

ငယ်ငယ်က ဖြစ်ချင်တဲ့ ဆန္ဒတွေကကော ဘာတွေ စိတ်ကူးခဲ့လဲ ။ အခုချိန်မှာကော ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို အကောင်အထည် ဖော်နေပြီလား။

ညီမ ကတော့ ငယ်ငယ်က ဆရာဝန် ဖြစ်ချင်ခဲ့တာ။ စာကလည်း အရှင်းဆုံး ပြောရရင် ညီမ နှစ်ယောက် မှာဆို ညီမက စာပိုတော်တယ် စာလည်း ပိုကျက်တယ်။ ဒါပေမယ့် ကြီးလာတော့ စာဘက်ကို သိပ်ပြီး အာရုံ မရှိတော့ဘူး။ အခု အောင်မြင်တဲ့ စီးပွားရေးသမား တစ်ယောက် ဖြစ်ချင်တဲ့ ဆန္ဒ ကတော့ လုပ်ငန်းခွင် ဝင်တဲ့ အချိန် ကျမှ တခါတလေ ကျရင် ပိုက်ဆံ ဆိုတာ ဒုတိယ ဘရားသခင် ဖြစ်တယ်။
ညီမရဲ့ ခံယူချက် တစ်ခုက ညီမ ရှာတဲ့ ဝင်ငွေက ညီမရဲ့ ချွေးနည်းစာ အစစ်အမှန် ဖြစ်ရမယ် ပန်းတိုင် တခု ရောက်ဖို့ အတွက် ညီမ ကိုယ်တိုင် ကြိုးစားပြီး အောင်မြင်ချင်တယ်။ ညီမ ရည်မှန်းချက် ရောက်အောင် ညီမ ကြိုးစားမယ်။

အေးအေးငြိမ်း

ညီမကတော့ သူဌေးမကြီး ဖြစ်ချင်တာပါ။ အခုချိန်ထိလည်း အဲဒီ ဆန္ဒ ရှိနေတုန်းပါ။ ညီမ ဖြစ်ချင်တဲ့ ဆန္ဒကို ဖြည်းဖြည်းချင်း ကြိုးစားပြီး ဖြစ်အောင် လုပ်သွားမှာပါ။

ငယ်ငယ်က အနုပညာ လုပ်ခဲ့ဖူးတာလေးလဲ ပြန်ပြောပေးပါအုံး။

ညီမတို့ ငယ်ငယ်တုန်းက ငြိမ်းချမ်းရေး ဆိုတဲ့ ပြက္ခဒိန်မှာ ဓာတ်ပုံရိုက်ပေးတယ်။ အဲဒီနောက်မှာ ညီမတို့ ပညာရေး ထိခိုက်မှာ စိုးတဲ့အတွက် ညီမတို့ကို ဆေးရုံအုပ် ကိုယ်တိုင်က ပြက္ခဒိန် ရိုက်တာကို ခွင့်မပြုတော့ဘူး။
 
အဲဒီ နောက်မှာ ညီမတို့ ဖေဖေ မေမေ တို့ဆီ ပြန်ရောက်တဲ့အချိန်ကျတော့ ဒါရိုက်တာ အဏ်ထော်ဏီက ဇာတ်ကား ရိုက်ကူးဖို့ ကမ်းလှမ်းတယ် ။ သံယောဇဉ် နှောင်ကြိုး ဆိုတဲ့ ကားလေးမှာ ပါဝင် သရုပ်ဆောင် ဖြစ်ခဲ့တယ်။ အဲဒီ တစ်ကားပဲ ရိုက်ဖြစ်ခဲ့တယ်။ ဆက်မရိုက်ဖြစ်တော့ဘူး။

သရုပ်ဆောင် လုပ်ခဲ့ဖူးတော့ အနုပညာ နဲ့ ပတ်သက်ပြီး အခု လက်ရှိ မှာ လုပ်ချင်တဲ့ ဆန္ဒကော မရှိဘူးလား။

အဲတာတော့ မပြောတတ်သေးဘူး။ ညီမ ကတော့ သရုပ်ဆောင်တာထက် သီချင်းဆိုတာ  ဝါသနာပါတယ်။ သရုပ်ဆောင် လုပ်ဖို့ကတော့ အခြေအနေ အရပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly