မြန်မာ့ စီးပွားရေးကို အထောက်အကူပြုရန် အွန်လိုင်းစျေးကွက်လည်း အရေးပါလာ

မြန်မာ့ စီးပွားရေးကို အထောက်အကူပြုရန် အွန်လိုင်းစျေးကွက်လည်း အရေးပါလာ
အွန်လိုင်း စျေးကွက် အင်တာနက် စာမျက်နှာ တစ်ခုကို တွေ့ရစဉ်။

ရန်ကုန်၊ စက်တင်ဘာ ၇ ။           ။ မြန်မာနိုင်ငံတွင် ၂၀၁၀ အလွန်နှစ်များမှ စတင်ကာ အင်တာနက် အွန်လိုင်း အသုံးပြုသူဦးရေ များပြားလာသော်လည်း အွန်လိုင်းပေါ်မှ ဈေးရောင်းချသည့်စနစ် ပီပီပြင်ပြင် ဖြစ်မလာသေးခြင်း၊ အွန်လိုင်း အသုံးပြုသူများ အွန်လိုင်း ဈေးကွက် အသုံးပြုနိုင်သည်ကို သိရှိမှု အားနည်းနေသေးခြင်းတို့ ပီပြင်သည့်ဈေးကွက် ဖြစ်မလာသေးဟု အိုင်တီပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

"နည်းနည်းလေးခက်နေတုန်းပါပဲ၊ ဘယ်လိုခက်နေသလဲ ဆိုတော့ များသောအားဖြင့် Traditional Businessတွေပေါ့၊ မိရိုးဖလာ စီးပွားရေး လုပ်ငန်းတွေကို လုပ်နေကြတယ်၊ ကိုယ့်အိမ်မှာ ဆိုင်ဖွင့်တယ်၊ ကိုယ့်ရဲ့ အသိုင်းအဝိုင်း မိတ်ဆွေတွေကနေတဆင့် ပစ္စည်းတွေ ရောင်းချတယ်၊ အဲဒီဟာနဲ့ သွားနေတဲ့အတွက်ကြောင့်မို့လို့ အွန်လိုင်းက နည်းနည်းလေးခက်နေတယ်" ဟု အွန်လိုင်း ကုန်သွယ်ရေး ဝက်ဆိုဒ်တစ်ခုဖြစ်သည့် BaganTrade.com ၏ ဒါရိုက်တာ ဦးဟိန်းစိုးက ပြောသည်။

မြန်မာ့စီးပွားရေး လက်ရှိအခြေအနေသည် ပြည်ပသွင်းကုန်ပမာဏ ၁၆ ဘီလီယံအထိ ရှိပြီး ပြည်ပသို့ ပို့ကုန်ပမာဏ ၁၁ ဘီလီယာသာ ရှိနေသေးသည်။ ထိုကွာဟချက်ကို ဖြည့်ဆည်းရန် အကြောင်း တစ်ချက်အဖြစ် အွန်လိုင်း ဈေးကွက်သည်လည်း အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

"ကွာဟချက်က ၅ဘီလီယံမှာ ရှိနေပါတယ်။ ဒီအတွက်ကြောင့် စီးပွားရေးက အားနည်းနေတဲ့ အခြေအနေမှာ ရှိနေပါတယ်" BaganTrade.com ၏ ဒါရိုက်တာ ဖြစ်သူ ဦးနေမင်းသူကလည်း သုံးသပ်သည်။

အောင်မြင်သည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာရန် ယနေ့အခြေအနေတွင် အင်တာနက် အသုံးချနိုင်မှုသည်လည်း အရေးပါလာသည့် အခြေအနေဖြစ်သည်။ မိမိ ကုန်ပစ္စည်းကို အွန်လိုင်းတွင် ကြော်ညာနိုင်သကဲ့သို့ ဈေးဝယ်သူနှင့် ရောင်းသူ တိုက်ရိုက် ချိတ်ဆက်နိုင်သည့် အားသာမှုမျိုး အွန်လိုင်းဈေးကွက်က ဖန်တီးပေးထားသည်။

သို့သော် အိုင်တီ နည်းပညာနှင့် မနီးစပ်သေးခြင်းကြောင့်လည်း အခက်အခဲများ ဖြစ်နေရသည်ဟု ပန်းချီပညာရှင် ဦးအောင်မင်းမင်းက ပြောသည်။

"ကျွန်တော့်မှာအကောင့်မရှိဘူး၊ အွန်လိုင်းအကောင့်တွေ ဘာတွေ ကျွန်တော်တို့ မှာမရှိဘူး၊ ဒီဟာတွေလိုအပ်မယ်ဗျ၊ အွန်လိုင်း အကောင့်တွေရှိမှ ဒီပန်းချီကား အရောင်းအဝယ်တွေက လုပ်လို့ရမယ်လေ" ဟု ပြောသည်။

ထို့ကြောင့် အိုင်တီ နည်းပညာတွင် ကြားခံ ဈေးကွက် တစ်ခု ဖြစ်လာနေပြီး စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေမည့် အွန်လိုင်းဈေးကွက်ကို ချဲ့ထွင်အသုံးပြုနိုင်ရန် လိုအပ်နေပြီဟု ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly