ထုတ်ပြန်ထားသည့် အမတ်လောင်းစာရင်းတွင် ပဲခူး၊ ရန်ကုန်နှင့် ရခိုင်မှ အမတ်လောင်း ၃၀ခန့် မပါ၀င်သေး

ထုတ်ပြန်ထားသည့် အမတ်လောင်းစာရင်းတွင် ပဲခူး၊ ရန်ကုန်နှင့် ရခိုင်မှ အမတ်လောင်း ၃၀ခန့် မပါ၀င်သေး

ရန်ကုန် စက်တင်ဘာ ၇ ။         ။ သက်ဆိုင်ရာ ပြည်နယ်တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေးအဆင့် ကော်မရှင်အဖွဲ့ခွဲများ၌ ထုတ်ပြန်ထားသည့် အမတ် လောင်းစာရင်းများတွင် ပဲခူး၊ ရန်ကုန်နှင့် ရခိုင်ပြည်နယ်တို့မှ ဝင်ပြိုင်ရန် အမည်စာရင်းသွင်းထားသူ ၃၀ ဦးခန့် မပါဝင် သေးကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးစိုင်းကျော်သူက စက်တင်ဘာ ၇ရက်တွင် မဇ္ဈိမကိုပြောသည်။

"အဲဒီတိုင်းသုံးခုမှာ အယူခံဝင်နေတဲ့ ကိုယ်စားလှယ်လောင်း ၃၀ လောက်က မပါသေးဘူး။ သူတို့အယူခံမပြီးသေးဘူး။ အဲဒီစာရင်းတွေကိုလည်း ပြုစုနေတုန်းဆိုတော့ ထုတ်မယ့်ရက် ကပြောလို့မရသေး ဘူး။" ဟု ၎င်းကပြောသည်။

နိုင်ငံရေးပါတီတို့မှ တင်သွင်းသည့်အမတ်လောင်းများကို သက်ဆိုင်ရာခရိုင်ကော်မရှင်အဖွဲ့ဝင်များက သြဂုတ် ၁၈ရက်မှ ၃၁ ရက်ထိ စိစစ်ပြီး အမတ်လောင်း ၈၈ဦးထိကို ပယ်ချခဲ့သည်။ ယင်းတို့ထဲမှ ပဲခူးတိုင်း၊ ရန်ကုန်နှင့် ရခိုင်ပြည်နယ် ကော်မရှင် များသို့ အယူခံဖြေရှင်းနေသည့် ၃၀ဦးခန့်ကို စိစစ်နေသဖြင့် မပါဝင်ရခြင်းဖြစ်သည်ဟု ဦးစိုင်းကျော်သူက ပြောသည်။

နိုင်ငံရေးပါတီပေါင်း ၉၀ကျော်က ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်ထိ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည်။

စိစစ်ပြီးစီးသည့် ကိုယ်စားလှောင်းများစာရင်းကိုမူ သက်ဆိုင်ရာ ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး အဆင့် ကော်မရှင်အဖွဲ့ခွဲရုံးမျာ၌သာ ထုတ်ပြန်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အင်တာနက်စာမျက်နှာတွင် မထုတ်ပြန်သေးပေ။

"ကျွန်တော်တို့လောလောဆယ်မတင်သေးဘူး။ ပြန်ကြားရေးက ကြေညာပေးမယ်။ တစ်ချို့ကျန်တဲ့စာရင်းတွေက အပ အကုန်လုံးကို ကြေညာပေးမယ်။ ပြန်ကြားရေးထုတ်မယ့်အချိန်ကိုတော့ မသိသေးဘူး။" ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ပြောခွင့်ရသူ ဦးသောင်းလှိုင်ကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမှ စာရင်းများ ရရှိထားမှု ရှိမရှိ ပြန်ကြားရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ လက်ရှိအချိန်ထိ မိမိအနေဖြင့် စာရောက်ရှိခြင်း ရှိမရှိကို မသိရသေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမျိုးမြင့်မောင်က စက်တင်ဘာ ၇ ရက် နေ့လည် ၁၂နာရီခန့်က မဇ္ဈိမသို့ ဖြေကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly