ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးမှု ကြံ့ခိုင်ရေးပါတီ ကော်မရှင်ထံ တိုင်ကြား

ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးမှု ကြံ့ခိုင်ရေးပါတီ ကော်မရှင်ထံ တိုင်ကြား
ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်ထက်ကျော်(ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)

နေပြည်တော်၊ စက်တင်ဘာ ၇ ။        ။ မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ မကျေလည်မှုများ ဖြစ်ပေါ်နေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ စက်တင်ဘာ ၇ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အပြန်အလှန်တိုင်ကြားထားသည်ဟု ပြည်တောင်စုနယ်မြေ (နေပြည်တော်ကောင်စီနယ်မြေ) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်ထက်ကျော်က ပြောသည်။

"NLDက ဦးမြင့်လှိုင်ကို တိုင်တယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဒေါ်စုကို တိုင်တယ်။ မဲဆွယ်စည်းရုံးတဲ့ကိစ္စတွေပဲပေါ့" ဟု ဦးအောင်ထက်ကျော်က ပြောသည်။

ဦးအောင်ထက်ကျော်က ထိုသို့ အပြန်အလှန်တိုင်ကြားသည်ဟုဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ကြားသူမှာ ဦးကျော်ဝင်းဖြစ်သည်။ လယ်ဆည် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဦးကျော်ဝင်းမှာ မန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀)တွင် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူဖြစ်သည်။

မဇ္ဈိမက ရရှိထားသည့် NLD၏ တိုင်ကြားစာတွင် "ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများကို ကျင့်သုံးဆောင်ရွက်ရာတွင် တရားမျှတမ ှုမရှိသောကြောင့် စုံစမ်းစစ်ဆေး၍ လိုအပ်သလို အရေးယူပေးပါရန် တိုင်ကြားခြင်း" ဟု ခေါင်းစဉ်တပ်ကာ ဦးမြင့်လှိုင်အား မဲပေးရန် ရေးသားထားသော ထီး၊ ယပ်တောင်များ ပေးဝေသည့် ဓာတ်ပုံမှတ်တမ်းများဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား တိုင်ကြားထားသည့်စာကိုမူ ရရှိခြင်း မရှိပေ။ သို့သော် ဩဂုတ် ၃၀ရက်က နေပြည်တော်ရှိ နေရာ(၅)ခုတွင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောထားသည်။

ယခုကဲ့သို့ အပြန်အလှန်တိုင်ကြားမှုများကို "UECကပဲ ဆုံးဖြတ်လိမ့်မယ်၊ တိုင်တာက UECကို လိပ်မူပြီး တိုင်တာ၊ ကျွန်တော်တို့ကို တိုင်တာမဟုတ်ဘူး၊ ကျွန်တော်တို့ကို မိတ္တူပေးတာ" ဟု ဦးအောင်ထက်ကျော်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly