လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ရှမ်းပြည်နယ် ဒုဥက္ကဋ္ဌ၊ ဗဟိုစည်းရုံးရေးမှူး ဒေါ်ခင်စန်းမြင့် (ခ) ယာန်ချီမီး နှင့်တွေ့ဆုံခြင်း

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ရှမ်းပြည်နယ် ဒုဥက္ကဋ္ဌ၊ ဗဟိုစည်းရုံးရေးမှူး ဒေါ်ခင်စန်းမြင့် (ခ) ယာန်ချီမီး နှင့်တွေ့ဆုံခြင်း

ခိုင်မွန်ချို တွေ့ဆုံမေးမြန်းသည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက်မှာ အထွေထွေရွေးကောက်ပွဲကို ပြုလုပ်တော့မည်ဖြစ်သည်။ ယခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသမီးအမတ်လောင်း ၈၀၀ လောက်က အားကောင်းကောင်းနှင့် ပါဝင်ယှဉ်ပြိုင်ကြမည် လည်း ဖြစ်သည်။ ယခုမေးမြန်းတင်ဆက်ပေးထားသည့် လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရှမ်းပြည်နယ် ဒုဥက္ကဋ္ဌ၊ ဗဟိုစည်းရုံးရေးမှူး တာဝန်ယူထားသူ ဒေါ်ခင်စန်းမြင့်လည်း မန်တုံမြို့နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်နယ်လွှတ်တော်မှာ ပါဝင်ယှဉ်ပြိုင်မည့်သူတစ်ဦး ဖြစ်သည်။

ဆရာမက လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှာ ဒုဥက္ကဌ တာဝန်ကို ယူထားတယ်ဆိုတော့ ပါတီရဲ့ ခေါင်းဆောင်မှုအပိုင်းမှာ တာဝန်ယူထားရတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဆရာမ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ဆရာမ ဘယ်လိုခံယူချက်မျိုးနဲ့ ဆောင်ရွက်ဖြစ်တယ်ဆိုတာလေးတွေကို ပြောပြပေးပါရှင့်။

ဟုတ်ကဲ့ပါရှင်။ ကျွန်မက လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုမှာက စည်းရုံးရေးမှုး တာဝန်ယူ ထားပါတယ်။ အခက်အခဲလည်း မျိုးစုံတွေ့ရပါတယ်။ တချို့ကျတော့လည်း အမျိုးသမီးမို့လို့ မလုပ်သင့် ဘူးပြောတာတွေလည်းရှိပါတယ်။ အမျိုးသမီးဆိုရင် အမျိုးသားလောက်မလုပ်ဆောင်နိုင်ဘူးဆိုပြီး ပြောတာလည်း ရှိပါတယ်။ တချို့ပြည်သူလူထုတွေ ဝေဖန်တဲ့အသံတွေလည်း ကြားရပါတယ်။

ကျွန်မအနေနဲ့တော့အမျိုးသား အမျိုးသမီးအနေနဲ့ ခွဲခြားတာတော့မမြင်ဘူး။ ကျွန်မကိုယ်တိုင်ကကို ဘယ်လောက်လုပ်ဆောင်နိုင်သလဲ ဘယ်လောက်အတိုင်းအတာထိ လုပ်ပေးနိုင်မလဲ ကျွန်မတို့စေတနာမေတ္တာ ဘယ်လောက်ထိရှိနိုင်မလဲ ကျွန်မတို့တိုင်းပြည်မှာ ဘယ်လောက်ထိပါဝင်သင့်တာလဲဆိုတာ လုပ်ဆောင်တဲ့အပေါ်မှာ အများကြီးမူတည်တယ်လို့ ထင်ပါတယ်။

ဆရာမအနေနဲ့ လတ်တလောမှာ ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေအနေနဲ့ကကော ဘယ်လိုဆောင်ရွက်ချက်တွေရှိပါသလဲရှင့်။

အခုလက်ရှိဆောင်ရွက်တာကတော့ ပါတီရုံးတွေလိုက်ဖွင့်ပေးတယ် ပြည်နယ် မြို့နယ်၊ ခရိုင်တွေမှာ ရုံးလိုက်ဖွင့်ပေးတယ် ပြီးတော့ ပါတီဝင်အင်အားလိုက်ကောက်ပေးတယ် အခုလောလောဆယ်တော့ လီဆူလူမျိုးအတွက် အဓိကသွားနေတာတွေရှိပါတယ် ပါတီရုံးခွဲနောက် ပိုင်းပါတီဖွဲ့ပြီးကုန်ရင် ပါတီကနေ တစ်ခြားမြို့နယ်တွေက ပြည်နယ်ခရိုင်အားလုံးကို ထဲထဲဝင်ဝင်သွားရောက်ပြီးမှ လုပ်ကူဖို့ရှိပါတယ်။

လတ်တလောမှာ အမျိုးသမီးပါဝင်မှုနှုန်းကကော ဆရာမတို့ ပါတီအတွင်း မှာဘယ်လောက်ထိရှိသလဲရှင့်။

လောလောဆယ် လီဆူပါတီမှာတော့ လေးငါးယောက်ဘဲ ရှိပါသေးတယ်။

ဟုတ်ကဲ့ပါ အခုလာမဲ့ရွေးကောက်ပွဲမှာကော ဆရာမတို့ပါတီအနေနဲ့ ဘယ်နှစ်နယ်မှာ ယှဉ်ပြိုင်ဖို့ရှိပါသလဲ ပြီးတော့ ကိုယ်စားလှယ်လောင်းအနေနဲ့ ဘယ်နှစ်ဦးရှိသလဲရှင့်။

ကျွန်မတို့ လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီကတော့ မဲဆန္ဒနယ်မြေ ၂၆ ခုမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ် အမျိုးသမီးကတော့ လေးဦးယှဉ်ပြိုင်မှာ ဖြစ်ပါတယ် ကျွန်မကတော့ မန်တုန်၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ပြည်နယ်လွှတ်တော်မှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ် လွှတ်တော်ကို ဘာကြောင့်ယှဉ်ပြိုင်ရတာလဲဆိုတော့ ကျွန်မနေရာက တခြားနေရာလည်း ရပါတယ် ဒါပေမဲ့ကျွန်မက လူကြီးနေရာ မှာခေါင်းဆောင် ရမဲ့နေရာကိုပဲ မကြည့်ဘဲနဲ့ ကျွန်မတို့ဒေသတစ်ခုက ဖွံ့ဖြိုးဖို့ အရမ်းလိုအပ်နေတယ်ဆိုတာကို ကြည့်ပြီးမှ ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။

ဆရာမတို့ရဲ့ပါတီက ဘာကြောင့်ပေါ်ပေါက်လာရတာလဲ၊ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းဖြစ်ကြတာလဲ ဆိုတာလည်း သိပါရစေ။

ကျွန်မတို့လူမျိုးပိုင်းနဲ့ကြည့်မယ်ဆိုရင် ပါတီမထောင်ဘူးဆိုရင် သူများလူမျိုးလိုဘာမှ လုပ်နိုင်တော့မှာ မဟုတ်တော့ဘူး ဒါနဲ့ ကျွန်မတို့ကလည်း မဖြစ်မနေဖွဲ့ရအောင် လက်တွဲပြီးတော့မှ အတူပါဝင်ဆောင်ရွက် မှုမရှိဘူးဆိုရင် တစ်ခြားလူမျိုးမှာ ဆောင်ရွက်ပေမဲ့ ကိုယ့်လူမျိုးမှာ ဆောက်ရွက်ဖို့ဆိုရင် ကိုယ့်လူမျိုးနေရာဒေသမှာ အခက်အခဲရှိလာနိုင်တယ်ပေါ့နော် ဒါကြောင့်ဒီပါတီကို ဖွဲ့ခြင်းဖြစ်ပါတယ်။ အခုဆိုရင် ၂ နှစ်ကျော်ပါပြီရှင့်။ ပါတီရဲ့ ဗဟိုက မြစ်ကြီးနားမှာ စိုက်ထားပါတယ်။ အခုလက်ရှိပါတီရုံးက ပြည်နယ် ခရိုင်မှာ များစွာဖွဲ့ပြီးခဲ့ပါပြီ။

ဟုတ်ကဲ့ပါရှင်။ အခု ဆရာမအနေနဲ့ ရန်ကုန်ရောက်လာဖြစ်တဲ့အကြောင်းရင်းများ ရှိပါသလား။

ကျွန်မတို့ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ရောက်လာခြင်းဖြစ်ပါတယ် ပထမဆုံး ရှမ်းပြည်နယ် ရေးရာဝန်ကြီးပြိုင်တဲ့နေရာမှာ လီဆူ၊ လီရှော ပြသနာတွေအများကြီးရှိပါတယ် အဲဒါကြောင့် ရှမ်းပြည်နယ်မှာ ရေးရာဝန်ကြီးပြိုင်တဲ့နေရာမှာ လီရှောဆိုတဲ့အမည်ပါရှိနေလို့ မဲမထည့်ရဘူးဆိုပြီး ဖြစ်လာတယ်။ ကော်မရှင်ရုံးကို ဖုန်းဆက်ပြီးမေးကြည့်တော့မှ သိရတာပေါ့နော် ဒါကြောင့်ရွေးကောက် ပွဲကော်မရှင်ကိုလည်း စာလာပို့ရင်းနဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု လာလုပ်မယ်ပေါ့ ကျွန်မတို့လီဆူလူမျိုးတွေက လီဆူခေါ်ပါတယ် တခြားလူမျိုးက လီရှောခေါ်တဲ့အတွက်ကြောင့် ကျွန်မတို့လူမျိုး တစ်မျိုး တည်းနဲ့ နှစ်မျိုးသုံးမျိုးဖြစ်နေသလိုဖြစ် သတ်မှတ်ခံနေရတဲ့အတွက်ကြောင့် ကျွန်မတို့ ဒါကို သတင်းစာရှင်းလင်းပွဲလုပ်ချင်လို့ ရန်ကုန်လာပြီးတော့ သတင်းစာရှင်းလင်းပွဲလာလုပ်တာ ဖြစ်ပါတယ်။

ဆရာမအနေနဲ့ အရင်တုန်းကရော ဘယ်လိုရပ်တည်မှုမျိုးနဲ့ နေခဲ့လဲ၊ ဘာတွေလုပ်ခဲ့လဲ ဆိုတာလဲ သိပါရစေရှင့်။

ကျွန်မမွေးတဲ့ဒေသကလည်း မန်တုန်မှာပဲ။ တောရွာမှာပဲ မွေးခဲ့တာ။ အခုလည်း ကျွန်မမွေးတဲ့ မန်တုန်နယ်ဘက်မှာပဲ ပြိုင်မှာပါ။ ပါတီမထောင်ခင်တုန်းကတော့ ကျွန်မတို့မြို့နယ်မှာ ကျွန်မ ပရဟိတလုပ်ငန်း လုပ်တယ် နောက်ကျောင်းကျန်းမာရေး ၊ ပညာရေး၊ ကျန်းမာရေးကော်မတီမှာ ပါဝင်တယ် နောက်ပြီးတော့ မိခင်ကလေး ၊ အမျိုးသမီးရေးရာ မြို့နယ်အတွင်းရေးမှုး၊ မိခင်ကလေးစောင့်ရှောက်ရေးမှာ မြို့နယ် အတွင်းရေးမှုး လီဆူစာပေယဉ်ကျေးမှုမှာလည်း ဥက္ကဌ တာဝန်ယူပြီးတော့မှ ကျွန်မများစွာအထိ မြို့နယ်ကို ဆောင်ရွက်ပေးခဲ့ပါတယ်။

ဆရာမမိသားစုအကြောင်းလေးလည်း ပြောပြပါဦးရှင့်။

ကျွန်မမှာက မိသားစုက အိမ်ထောင်က မရှိတော့ဘူး ဆုံးသွားတာကြာပါပြီ ကျွန်မမှာ သမီးတစ်ယောက်ရှိတယ် သမီးက အခုအိမ်ထောင်ကျပြီးမှ ဆိုင်ကလေးတစ်ဆိုင် ဖွင့်ထားပေးတယ်။ အဖေတော့ ရှိပါသေးတယ် အဖေက အသက် ၁၀၀ ရှိပါတယ် အမေက ၉၀ ကျော်နဲ့ဆုံးသွားပါပြီရှင့်

လီဆူတိုင်းရင်းသူတွေ အများဆုံးကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ သူတို့မှာ ဘယ်လိုမျိုးလိုအပ်ချက်တွေက အဓိကဖြစ်နေသလဲ ဆိုတာကို ဆရာမအနေနဲ့ ဘယ်လို ထင်ပါသလဲ။

ကျွန်မတို့တိုင်းရင်းသားတွေက တောင်ယာလုပ်စားတယ် တောင်ယာခုတ်စားတယ် အခက်အခဲဖြစ်တာက လမ်းပန်းဆက်သွယ်ရေးနဲ့ စားဝတ်နေရေးမပြေလည်လို့ အထူးသဖြင့် စစ်ပွဲတွေဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ကျွန်မတို့ဒေသမှာ လုပ်ကိုင်စားရတာလည်း အခက်အခဲဖြစ်တယ် စီးပွားရေးမှာ မဖွံ့ဖြိုးလာဘူး အခက်အခဲကို မဖြစ်စေချင်တော့ပါဘူး လုပ်ကိုင်စားရတာလည်း တကယ်စည်းစနစ်ကျကျ လမ်းမှန် နည်းမှန်ပို့ဆောင်ပေးတဲ့အခါကိုလည်း ကျွန်မတို့လိုချင်ပါတယ်။

ဟုတ်ကဲ့ပါရှင့် ဆရာမနောက်ဆုံးလေးမေးခွန်းလေးတစ်ခု မေးချင်ပါတယ်ရှင်။ ဆရာမဆိုရင်လည်း အမျိုးသမီးတစ်ယောက်ဖြစ်ရဲ့သားနဲ့ ပါတီထဲမှာ ကြီးမားတဲ့တာဝန်တွေကို ယူထားရတယ် ခေါင်းဆောင်ပိုင်းနေရာမှာ ပါဝင်နေပြီ ပြီးတော့ အခုလာမဲ့ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ အရွေးခံမဲ့သူတစ်ယောက်ဖြစ်နေပါပြီ ဆရာမကိုယ်တိုင် ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးတော့ ဆရာမခံယူထားတဲ့ခံယူမှု ပြီးတော့ ဆရာမကိုယ်တိုင်ဘယ်လိုမျိုးကျင့်သုံးသွားမယ်ဆိုတာလေးကို ပြောပြပေးပါရှင့်။

ကျွန်မကကျတော့ခေါင်းဆောင်တစ်ယောက်လုပ်နေတဲ့အတွက်ကြောင့်မို့လို့ အခုလည်း ပါတီမှာ ခေါင်းဆောင်တစ်ယောက်လုပ်တယ်ဆိုတော့ စည်းမျဉ်းစည်းကမ်းဥပဒေဘောင်ထဲမှာ ဥပဒေဆိုတဲ့ဟာလည်း ပါးစပ်မှာဘဲ ဥပဒေမရှိစေချင်ဘူး စည်းမျဉ်းစည်းကမ်းဥပဒေဆိုတာ ကျွန်မထင်တာ တကယ်လက်တွေ့လုပ်ပေးနိုင်မှသာလျှင် ပိုပြီးမှကောင်းမယ်ပေါ့ ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီနိုင်ငံအသွင် ကူးပြောင်းတယ် သာပြောနေတယ် ပြည်သူလူထုတွေက ဒီမိုကရေစီမမြင်နိုင်တဲ့ဟာလည်းအများကြီးရှိတယ် ဒါကိုပြန်ပြီးလေ့လာသုံးသပ်ကြည့်လိုက်တော့ ကျွန်မတို့ဘာလို့သိသင့်သလဲခုနကပြောသလို အမည်ဘာမှ မရှိဘူး သူတို့မှာ ဆင်းရဲတဲ့အတွက်ကြောင့် နေ့စဉ်ရှာစားနေရတယ် နိုင်ငံရေးအမြင် စီးပွားရေးအမြင်၊ လူမှုရေးအမြင် ဆိုတာဘာမှမရှိဘူး သူတို့မှာ နေ့နေ့ညည ရုန်းကန်စားသောက်ဖို့ဘဲ ရုန်းကန်နေရတဲ့အတွက် စိတ်ဝင်စားဖို့မရှိဘူး အခုကျွန်မတို့ပါတီအကြောင်းပြောပြလာမယ် တစ်ခြားအကြောင်းပြောပြလာမယ် လက်မခံတာအများကြီးရှိပါတယ် ဒါကိုမြင်ရတဲ့အတွက်ကြောင့် ကျွန်မတို့ဒါကို လက်တွဲပြီးမှ ဘယ်လိုဆောင်ရွက်မလဲ ဘယ်လိုဆွဲခေါ်လာမလဲဆိုတာ ခုနကပြောသလို ပညာတတ်တဲ့လူငယ်ပိုင်းမှာ ကျွန်မတို့က များစွာရွေးပြီးမှ သင်တန်းတွေတက်ခိုင်းမယ် ပို့ချပေးမယ် ပြီးရင် သင်တန်းတွေ လက်ဆင့်ကမ်းပြီး ပြန်ပို့ချခိုင်းမယ် အခုချက်ခြင်းတော့မဖြစ်လာနိုင်ဘူးလို့ ကျွန်မအနေနဲ့ အဲလိုမြင်ပါတယ် ရေရှည်ဖြေးဖြေးခြင်းနဲ့ ပြောင်းလဲပြုပြင်သင့်တယ်လို့ ကျွန်မတော့မြင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required