ရွေးကောက်ပွဲဝင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ

ရွေးကောက်ပွဲဝင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ

ဒေါ်ခင်ခင်ကြိုင်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ၊ မြင်းခြံမြို့

ရည်ရွယ်ချက်

ရွေးကောက်ပွဲကိုပါဝင်ဖြစ်တာက အမျိုးသမီးတွေများများ ပါဝင်လာဖို့ရယ် ကိုယ့်ရပ်ရွာဒေသတွေက အမျိုးသမီးလေးတွေကို ငါတို့လည်းဒီလိုပဲရဲရဲဝံ့ဝံ့ လုပ်ရဲကိုင်ရဲတဲ့ အတွေးတွေ ရှိစေချင်တဲ့အတွေး ရယ်။ အောက်ခြေလူတန်းစားတွေကို သူတို့စွမ်းဆောင်ရမယ့်ဟာတွေ မစွမ်းဆောင်နိုင်တာတွေကို ရှေ့ကနေလမ်းညွှန်မယ် ဦးဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါဝင်ခဲ့တာပါ။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

လွှတ်တော်ထဲကို အန်တီတကယ်လို့ရောက်သွားခဲ့မယ်ဆိုရင် လယ်ယာမြေကိစ္စတွေ၊ အလုပ်သမားအရေးတွေ ၊ကျောင်းသားတွေတောင်းဆိုနေတဲ့ အခွင့်အရေးတွေကိုရှေ့ကနေ ပြီးတော့ထောက်ခံ ပြီးတော့ ပြုပြင်ပြောင်းလဲသင့်တာ တွေပြောင်းလဲနိုင်ဖို့အတွက် အန်တီဝင်ပြိုင်ခဲ့တာပါ။ လွှတ်တော်ထဲကိုသာ အမျိုးသမီးတော်တော်များများ ရောက်ရှိခဲ့မယ်ဆိုရင် အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေနဲ့ လွှတ်တော်ထဲကငြိမ်းချမ်းရေးမူဝါဒတွေမှာလည်း အမျိုးသမီးတွေပါရင် ပြေလျော့မှုတွေသက်တောင့်သက်သာရှိမယ်။ လွှတ်တော်ထဲမှာ အခုတော်တော်များများက ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုရင်လည်း အမျိုးသားတွေများတယ်။ အဲ့တော့သူတို့က တင်းမာမှုတွေများ တယ်လို့ အန်တီ့အနေနဲ့ထင်ပါတယ်။ အန်တီတို့တောင်မှ အခုပွင့်လင်းမြင်သာတဲ့ ခေတ်ရောက်လာမှ သင်တန်း တွေတက်တော့ Women Leadership ပေါ့နော် သင်တန်းတွေတက်တဲ့အတွက် အန်တီတို့မှာကိုယ်ဆုံးရှုံးခဲ့တဲ့ ကိုယ့်အခွင့်အရေးတွေ ရသင့်ရထိုင်တဲ့အခွင့်အရေးတွေကို သိလာရတယ်။ အန်တီတို့သိသလို အမျိုးသမီးတော်တော် များများပေါ့နော် ကျေးလက်နေအမျိုးသမီးတော်တော်များများကို ပိုပြီးဖွံ့ဖြိုးစေချင်တယ်။ သူတို့ရဲ့အခွင့်အ ရေးတွေက မြို့လူထုထက်ကို တောမှာနေတဲ့အမျိုးသမီးထုတော်တော်များများ အခွင့်အရေးဆုံးရှုံးနေ တယ်လို့ အန်တီခံစားရပါတယ်။

နန်းဟွမ်ခမ်း
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)
ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) လားရှိုးမြို့နယ်

ရည်ရွယ်ချက်

အစ်မတို့အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာ အမျိုးသားတွေနဲ့ရင်ဘောင်တန်းပြီးတော့ ဆောင်ရွက်နိုင်ပြီဆိုတဲ့အခါကျတော့ အစ်မတို့အနေနဲ့ ကိုယ်တတ်ထားတဲ့ အတတ်ပညာတွေနဲ့ သိနားလည်ထား တာတွေကို ပြန်ပြီအသုံးချချင်တယ်။ ကိုယ်လည်း တတ်နိုင်သလောက် နိုင်ငံရေးမှာပါဝင်လှုပ်ရှားမယ်ဆိုတဲ့ ယူဆမှုနဲ့ဝင်ပြိုင်ခဲ့တာပါ။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

အဲ့ဒီလွှတ်တော်ကို ရောက်သွားပြီဆိုရင်လည်း အမျိုး သမီးတွေနဲ့ပတ်သက်ပြီးတော့ ဦးစားပေးဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်။ အမျိုးသမီးတွေသာ လွှတ် တော်ထဲမှာ ရာခိုင်နှုန်းများများ ဝင်နိုင်မယ် ဆိုရင်တော့တကယ်လို့လွှတ်တော်ထဲမှာ ဥပဒေပြုရေးကဏ္ဍထဲမှာ အမျိုးသမီးတွေအများဆုံးပါဝင်လာတဲ့အတွက် အမျိုးသမီးတွေနဲ့ပတ်သက်တာရော လူသားအားလုံးနဲ့သင့်လျော် တဲ့ဥပဒေကို ပိုပြီးရေးဆွဲနိုင် မယ်လို့မြင်ပါတယ်။ တကယ်လို့ကျွန်မလွှတ်တော်ထဲရောက်သွားလို့ရှိရင် အမျိုး သမီးတွေရဲ့လိုအပ်ချက်တွေ နောက်အမျိုးသမီးတွေ ဒီထက်မကပိုမိုပါဝင်လာနိုင်တဲ့ ခေါင်းဆောင်ပိုင်းတွေမှာ ပေါ့ အဲ့လိုမျိုး ပါဝင်လာနိုင်ဖို့ မူတည်ပြီးတော့ ကြိုးစားသွားမယ်လို့ပြောချင်ပါတယ်။

နွယ်နီဦး
အမျိုးသားတိုးတက်ရေးပါတီ (တွဲဖက်အတွင်းရေးမှူး၊ မန္တလေးတိုင်း)
ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - ပြည်သူ့လွှတ်တော်၊ အောင်မြေသာဇံမြို့နယ်

ရည်ရွယ်ချက်

အစ်မတစ်ယောက်စာအမြင်ကိုပြောရရင်တော့ အစ်မက ၂၀၁၀ လောက်ကတည်းက မြန်မာ့ရေပိုင်နက် ဘင်္ဂ လားနဲ့ သတ်မှတ်တဲ့ကိစ္စကို အစ်မသိပ်အခဲမကျေခဲ့ဘူး။ ပုဂ္ဂလိကခံစားချက်ကိုပြောပြတာနော်။ ကာလကန့်သတ်ချက်ဥပဒေအရ ပြန်ပြီးအယူခံယူပိုင်ခွင့်ရှိခဲ့ဦးမယ်ဆိုရင် ပြန်ဝင်ခွင့်ရဖို့အတွက်တင်ချင်တယ်။ ပါတီရဲ့မူဝါဒ အရဆိုရင်တော့ ပါတီကအဓိကစီးပွားရေးကို သွားလိမ့်မယ်။နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆရာတို့ ကနေ အပြင်ပိုင်းကနေ Economic Policy ကနေ ရအောင်ဆွဲထုတ်သွားမယ်လို့ပြောပါတယ်။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

ဘာလုပ်ပေးမလဲဆို စောစောကပြောတဲ့ ပါတီရဲ့ညွှန်ကြားချက်၊ ပါတီရပ်တည်ချက်တွေနဲ့အညီပေါ့ အစ်မမြို့နယ် မှာရှိတဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီး စစ်တမ်းကောက်ရမှာပေါ့။ တစ်ဦးချင်းဝင်ငွေတွေ လိုက်ကောက်ရမယ်။ အလွှာဘယ်နှခုလောက်ရှိမလဲပေါ့နော်။ ဝင်ငွေနဲ့ပတ်သက်ပြီး အလွှာကိုခွဲမေးမလား။ အတတ်ပညာနဲ့ပတ်သက် ပြီးအလွှာကို ခွဲမေးမလားပေါ့နော်။ သူ့အလွှာအုပ်စုနဲ့သူ ခွဲပြီးတော့ survey ကောက်ရမယ်။ ပြီးရင် ဘယ်ဟာ တွေက ဝင်ငွေကောင်းတာ၊ ဝင်ငွေမကောင်းတော့တဲ့ လုပ်ငန်းတွေ၊ တစ်ချိန်ကဝင်ငွေအရမ်းကောင်းခဲ့တဲ့ လုပ်ငန်းတွေရှိမယ်။

ဘာလို့ဒီလိုဖြစ်သွားလဲဆိုတာတွေကို survey ကောက်ရမယ်။ ပြီးရင်ပါတီကို အမြဲတမ်းတင် ပြရမယ်။ တင်ပြပြီးတော့ ကိုယ်တာဝန်ယူထားတဲ့ မြို့နယ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အစ်မတို့တာဝန်ယူရမှာပေါ့။ အစ် မကြားဖူးတာတစ်ခုဆိုရင် စင်္ကာပူမှာ လုပ်ငန်းတစ်ခုပိတ်သိမ်းမယ်ဆိုရင်တောင် အစိုးရကလာပြီးမေးတယ်။ ဘာအဆင်မပြေလို့တုန်း၊ ဘာဖြေရှင်းပေးရမလဲ။ ဘာများလိုအပ်သလဲ အဲ့ဒါသူတို့အမြဲတမ်းမေး တယ်ပေါ့နော်။ မသင့်တော် မလျော်ကန်တဲ့ပြိုင်ဘက်တွေကြောင့် ဖြစ်သလား။ တိုင်းပြည်ရဲ့အကျိုးသက်ရောက်မှု တစ်ခုခုကို သူခံစားရသလားပေါ့နော်။ ဒါတွေအားလုံးကို ထည့်ပြီးမေးတယ်လို့ကြားဖူးတယ်။ ကိုယ့်နိုင်ငံမှာလည်း စီပွားရေး လုပ်ငန်းရှင်ပဲဖြစ်ဖြစ် သေးသေးကြီးကြီးပဲဖြစ်ဖြစ်ပေါ့နော် ဘယ်လိုအခက်အခဲတွေရှိတုန်း။ ဘာတွေကြုံတွေ့နေ ရတုန်း။ ဖြေရှင်းပေးနိုင်မလား။ အဲ့လိုပေါ့ကိုယ်ချင်းစာမှုတစ်ခုနဲ့ အများကြီးအကျိုးပြုပေးနိုင်မယ်လို့ ထင်ပါတယ်။

ဒေါ်နန်းမွန်းစိန်
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖဲ့ွချုပ် (ကျားခေါင်းပါတီ)
ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - ဟိုပန်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)

ရည်ရွယ်ချက်

ဘာလို့ပြိုင်ဖြစ်လဲဆိုတော့ ရှမ်းတိုင်းရင်းသားတွေရှိတယ်လေ။  ပြီးကျတော့နယ်မြေအနေအထားက ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဖြစ်နေတော့ အဲ့မှာရှိနေတဲ့ ကျွန်မတို့ရှမ်းတိုင်းရင်းသားတွေရဲ့ မဲထည့်ခွင့် အခွင့်အရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်။ ရှမ်းမှာလဲ ရှမ်းပါတီနှစ်ခုရှိတယ်လေ။ ကျားဖြူပါတီပေါ့ ရှမ်းဒီမိုကရက်တစ်ပါတီ သူတို့ကလည်းသူတို့ မူဝါဒနဲ့သူတို့လမ်း စဉ်နဲ့သူတို့ရှိတယ်။ ကျွန်မ တို့ကျားခေါင်းပါတီကလည်း ကျွန်မတို့မူဝါဒနဲ့ ကျွန်မတို့ရည်ရွယ်ချက်နဲ့ ကျွန်မတို့ လမ်းစဉ်ရှိတယ်။ အဲ့ဒီပါတီနှစ်ခုမတူဘူးဆိုတော့ အဲ့ဒီကဒေသခံရှမ်းတိုင်းရင်းသားတွေက ဘယ်မူဝါဒကိုသွား ချင်လဲဆို သူတို့အနေနဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရအောင်လို့ပါ။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

ကျွန်မတို့ကပြည်နယ်လွှတ်တော်ဆိုတော့ ပြည်နယ်မှာပဲ ပြည်နယ်အတွက်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရသေးတဲ့ဟာတွေကို တစ်တပ်တစ် အား စနစ်တကျစီစဉ်ထားတာတွေရှိတယ်။ အဲ့ထဲရောက် သွားရင် ဘာလုပ်မယ်ဆိုတာမျိုးပေါ့နော် အောင်မြင်တာ မအောင်မြင်တာထက် ကျွန်မအပိုင်းကတော့ ကျွန်မကောင်းကောင်းပြင်ဆင်ထားတာရှိပါတယ်။

နော်လူဒီး
လူမျိုးပေါင်းစုံဒီမိုကရေစီ (ကယားပြည်နယ်)
ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - ကယားပြည်နယ်လွှတ်တော်၊ ဖားဆောင်းမြို့မဲဆန္ဒနယ်

ရည်ရွယ်ချက်

ကျွန်မတို့ပြည်နယ်မှာက အဓိက အမျိုးသမီးတွေလည်းမရှိဘူး ဝင်ပြိုင်တဲ့အမျိုးသမီးတွေလည်း အားနည်းတယ် ပြီးတော့ ကျွန်မတို့ဒေသမှာက ဝင်ဖို့ကိုယ်စားလှယ်သိပ်ကို မရှိဘူးပေါ့နော် ကျွန်မတို့ပြည်နယ် တကယ်ရပ်တည်ပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီလည်း မရှိဘူး နည်းသလောက်ဖြစ်တဲ့အခါကျတော့ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်တယ်

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

ကျွန်မတကယ်လို့ အရွေးခံရမယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ ကျွန်မအခုဝင်ရောက်ယှဉ်ပြိုင်မဲ့မဲဆန္ဒနယ်က ပညာရေးက အရမ်းအားနည်းတယ် ပညာရေးကျောင်းလည်းမရှိဘူး ရွာပေါင်း ၅၇ ရွာရှိတာ ကိုကျောင်းကျေးရွာလေးဆယ်လောက်က ရွာမရှိဘူး လမ်းပန်းဆက်သွယ်ရေးအရမ်းခက်တယ် ရွာကနေ ဒီဖားဆောင်းကိုလာဖို့ဆိုရင် ၂ ရက်လောက်လမ်းလျှောက်ရတယ် လမ်းပန်းဆက်သွယ်ရေး အရမ်းခက်တယ် နောက်ပြီးတော့ ဆက်သွယ်ရေးလည်းအရမ်းခက်တယ် အဲဒါကို အဓိကဦးဆောင်လုပ်ပေးမှာပေါ့နော်

အတွေ့အကြုံများ

ကျောင်းဆရာမဝင်လုပ်ဖူးတယ် အဲဒီကနေတစ်ဆင့် လူမှုရေး လုပ်ငန်းတွေဝင်လုပ်ဖူးတယ် နောက်တစ်ဆင့် ပါတီထဲကို ဝင်လာတယ်ပေါ့နော် ဝင်လာပြီးနိုင်ငံရေးကို စတင်ပြီးလုပ်တာပေါ့နော်

ဒေါ်ဂျာခေါန်
ကချင်ဒီမိုကရက်တစ်ပါတီ
ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - ကချင်ပြည်နယ်လွှတ်တော်၊ အင်ဂျန်းယန်းမြို့မဲဆန္ဒနယ် အမှတ် (၁)

ရည်ရွယ်ချက်

ကျွန်မကတော့ မြစ်ဆုံ တန်ဖဲရွာမှာ နေတာပါ ကျွန်မတို့ရွာမှာ စီဘီအိုင် မြစ်ဆုံရေကာတာ စီမံကိန်းကြောင့်မို့ ကျွန်မတို့က ပြောင်းရွှေ့ခံရပါတယ် ကျွန်မတို့ဒေသခံ အခွင့်အရေးကို မြစ်ဆုံပတ်ဝန်းကျင်မှာ ရှိတဲ့ ဒေသခံတွေ အမျိုးသမီးတွေရဲ့အခွင့်အရေးကို ထပ်ပိုမိုပြီးတော့ရရှိအောင် နိုင်ငံတော်အစိုးရကို တင်ပြနိုင်အောင် ပါတီထဲကိုဝင်ပြီး ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

ကျွန်မတို့ရဲ့မေခ မလိခဆုံရာ မြစ်ဆုံစီမံကိန်းကို အရင်တုန်းကလည်း ကျွန်မနဲ့အတူဒေသခံတွေအားလုံး ကန့်ကွက်ခဲ့တယ် အခုလည်းဒီစီမံကိန်းကို ဘယ်တော့မှ ထာဝရမဖြစ်အောင် ထာဝရရုတ် သိမ်းအောင် မြစ်ဆုံစီမံကိန်းမက အထက်မှာ အများကြီးရှိပါသေးတယ် အဲဒီစီမံကိန်းတွေကိုလည်း မလုပ်အောင် ကျွန်မတို့တန်ဖဲမြစ်ဆုံစီမံကိန်း မရှိအောင် ကျွန်မတို့အားလုံးလည်း ခံစားရနေသလို အခုအထက်မှာရှိတဲ့ ရွာတွေအားလုံးလည်း ကျွန်မတို့ဒေသခံတွေလို မခံစားရအောင် ကျွန်မတို့က လွှတ်တော်မှာ အရွေးခံရတဲ့အခါမှာ တင်ပြမယ်လို့ ပါတီထဲမှာ ပါဝင်ခြင်းဖြစ်ပါတယ်

အတွေ့အကြုံများ

ကျွန်မရွာမှာ မြစ်ဆုံတန်ဖဲရွာမှာ နေတုန်းကဆိုရင် ရပ်မိရပ်ဖရွာထဲမှာ လုပ်တာပေါ့နော် ပြီးရင် အမျိုးသမီးတွေဘက်မှာ ရပ်တည်နေပါတယ် အမျိုးသမီးရေးရာမှာလည်း လုပ်ပါတယ် ရွာထဲက စာကြည့်တိုက် အလုပ်တွေလည်း လုပ်ပါတယ် နောက်ပညာရေးမှာဆိုရင် ကျောင်းကော်မတီ ကျောင်းအကျိုးတော်ဆောင်အလုပ်တွေလုပ်ခဲ့ပါတယ်ရှင် ဘာသာရေးဘက်မှာဆိုရင်လည်း မြစ်ဆုံပတ်ဝန်းကျင်မှာ ဘာသာရေး အမျိုးသမီးခေါင်းဆောင် ၁၀ နှစ်ကျော်လုပ်ခဲ့ပါတယ်ရှင် စီးပွားရေးအတွက်ဆိုရင် မြစ်ကြီးနားနဲ့သံဖဲမြစ်ဆုံပေါ့နော် ပူတာအိုလမ်းမှာဈေးရောင်းနေပါတယ် အခုကျတော့ အရောင်းအဝယ်လုပ်ပါတယ် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ထဲမှာလည်းပါတယ် ပါတီထဲမှာလည်းပါတယ်ဆိုတော့ စီးပွားရေးဘက်မှာ သိပ်တော့မလုပ်ဖြစ်ဘူးပေါ့

နန်းမေပန်းဝါ
ပြည်ထောင်စုပအို(ဝ်) အမျိုးသားအဖွဲ့ချုပ်ပါတီ
ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - ပြည်သူ့လွှတ်တော် ၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်မြေ (၉)

ရည်ရွယ်ချက်

ကျွန်မက ပအို့(ဝ်) အမျိုးသမီးသမဂ္ဂမှာ အမျိုးသမီးတွေကို ကိုယ်စားပြုပြီးတော့ အလုပ်လုပ်တဲ့အချိန်မှာ စိတ်ထဲမှာ ခံယူချက်က ဘယ်လိုဖြစ်လာတုန်းဆိုတော့ လူမှုရေးအလုပ်ကျတော့ အမျိုးသမီးအားလုံးကို မလွှမ်းခြုံနိုင်ဘူး ဟိုတစ်စု ဒီတစ်စုလောက်ဘဲလုပ်နိုင်တယ်ပေါ့နော် ဒီနိုင်ငံရေးလုပ်လို့ရှိရင် အမျိုးသမီးတွေအားလုံးကိုလည်း ကိုယ်စားပြုနိုင်မယ် လွှမ်းခြုံနိုင်မယ်ဆိုပြီးတော့ မှနိုင်ငံရေးထဲဝင်လုပ်ဖြစ် တာပေါ့နော်။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

ကျွန်မက အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အမျိုးသမီးလို့ပြောလိုက်ပြီဆိုတာနဲ့ လူတွေရဲ့အမြင်မှာ ကျန်းမာရေးကိုသွားမြင်တယ်ပေါ့နော် အမျိုးသမီးနဲ့ကျန်းမာရေးကို အဓိကလုပ်သွား မယ်ပေါ့ ကလေးနဲ့မိခင်လို့ပြောလိုက်ပြီဆိုလို့ရှိရင် ပညာရေးကိုသွားမြင်တယ်ပေါ့နော် ပညာရေးကို ကျွန်မအများကြီးလုပ်သွားမယ်လို့စဉ်းစားထားပါတယ်။

အတွေ့အကြုံများ

၂၀၀၆ မှာ ကျွန်မဘွဲ့ရတာပေါ့နော် ပါတီနဲ့နိုင်ငံရေးမှာ မဝင်ခင်တုန်းက လူမှုရေးလုပ်တယ် ၂၀၀၇ ကနေစပြီးတော့မှ ၂၀၁၂ အထိကို လူမှုရေးလုပ်ခဲ့ပါတယ် ၂၀၁၂ နောက်ပိုင်းမှ ပါတီရဲ့ပြန်လည် ထူထောင်သူ အဲကနေစပြီးတော့မှ စလုပ်ခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags