တံဆိပ်တုံးဖြင့် မဲပေးသူများ အမှတ်ပြောင်းပြန်ဖြစ်သော်လည်း ပယ်မဲမဖြစ်ကြောင်း ရခိုင်ကော်မရှင်ပြော

တံဆိပ်တုံးဖြင့် မဲပေးသူများ အမှတ်ပြောင်းပြန်ဖြစ်သော်လည်း ပယ်မဲမဖြစ်ကြောင်း ရခိုင်ကော်မရှင်ပြော
စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရရုံးခန်းတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပရေးဆွေးနွေးပွဲကို စက်တင်ဘာလ ၄ ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ/DMG)

စစ်တွေ၊ စက်တင်ဘာ ၆။ ။ ရွေးကောက်ပွဲကျင်းပသည့်နေ့ လွှတ်တော်ကိုယ်စားလောင်းများကို တံဆိပ်တုံးဖြင့်ပေးမည့် မဲဆန္ဒရှင်များ အမှတ်ပြောင်းပြန်ဖြစ်သော်လည်း ပယ်မဲမဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြက စက်တင်ဘာလ ၄ ရက်က စစ်တွေမြို့ အစိုးရရုံးတွင် ပြုလုပ်သည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပရေး အခမ်းအနား၌ ပြောကြားခဲ့သည်။

"အသက်ကြီးတဲ့သူတွေ၊ ဘောပင်နဲ့ အမှတ်ခြစ်ပေးဖို့ အခက်အဖြစ်တဲ့သူတွေ၊ နားမလည်တဲ့သူတွေအတွက် တံဆိပ်တုံးနဲ့ ထုပေးလို့ ရအောင် ကျနော်တို့ လုပ်ထားပါတယ်။ နယ်တွေမှာ စာမတတ်တဲ့သူတွေလည်းရှိတယ်ဆိုတော့ သူတို့က ဘာမှနားမလည်ကြဘူးလေ။ ဆိုတော့ အဲဒီလူတွေဟာ တံဆပ်တုံးနဲ့ မဲပေးလို့ရှိင် အမှတ်က ပြောင်းပြန်ဖြစ်နေရင်လည်း ရပါတယ်။ အဓိက ကိုယ်မဲပေးချင်တဲ့သူရဲ့ အကွက်လေးမှာ ကျသွားပြီဆိုရင် ရပါပြီ။" ဟု ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲရုံ ၂၀၀ စောင့်ကြည့်သွားမည့် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံကတော့ တံဆိပ်တုံး၏ အရွယ်အစားနှင့် မဲပေးလက်ခံမည့် ကိုယ်စားလောင်းများ၏ နေရာအကွက် အရွယ်အစားမှာ မျှတရန်လိုအပ် ကြောင်း သို့မဟုတ်ပါက တံဆိပ်တုံးက ကြီးနေလျှင် ကိုယ်မဲပေးချင်သည့် ကိုယ်စားလှယ်လောင်း၏ အကွက်အပြင် အခြားကိုယ်စားလှယ်လောင်း အကွက်သို့ ကူးသွားလျှင် ပယ်မဲအဖြစ်သို့ ရောက်သွားနိုင်ကြောင်း ပြောသည်။

ဆက်လက်ပြီး ဦးကောင်းစံက မဲပေးပုံပေးနည်း အသိပညာပေး စာရွက်များ၊ လက်ကမ်းစာစောင်များကို အများပြည်သူသိအောင် မည်သို့ဆောင်ရွက်သွား မည်ကို မေးမြန်းခြင်းအပေါ် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြက ရွေးကောက်ပွဲကျင်းပမည့် ရက်မကျမီ အသိပညာပေး စာရွက်များ၊ လက်ကမ်းစာစောင်များကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များတွင် လမ်းအလိုက်၊ လူစည်ကားနေရာများတွင် ကပ်ပေးသွားမည်ဟု ဆိုသည်။

ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံများတွင် ပြည်သူပဲဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်းများပဲဖြစ်ဖြစ် လာရောက်စောင့်ကြည့်နိုင်ကြောင်း သို့သော်လည်း ခွင့်ပြုချက်တင်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly