လူမှုကွန်ရက်တွေပေါ်က ကောလာဟလ၊ သတင်းမှားတွေကို ဘယ်လို သတိထားပြီး ရှောင်ကြဉ်ကြမလဲ

.

သြဂုတ် ၂၀ ။          ။ သတင်းမှား၊ သတင်းတုတွေ၊ မှန်ကန်မှု မရှိတဲ့ ကောလာဟလသတင်းတွေကတော့ ယနေ့ကာလ ဆိုရှယ်မီဒီယာတွေပေါ်မှာ မကြာခဏဆိုသလို တွေ့မြင်နေရပါတယ်။ ဒီနေရာမှာ ကံမကောင်းစွာနဲ့ပဲ လူမှုကွန်ရက် အသုံးပြုသူတစ်ချို့ဟာဆိုရင်လည်း  ဒီလို မမှန်ကန်တဲ့ အကြောင်းအရာတွေကို တကယ် အဟုတ်အမှန်ထင်ပြီး ထပ်ဆင့် ဝေမျှကြရင်းနဲ့ ဒါတွေကို ပို ပြန့်နှံ့သွားစေနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သတင်းမှား၊ သတင်းတုတွေတွေကို ဘယ်လို ဂရုစိုက် ရှောင်ကြဉ်သွားမလဲဆိုတာနဲ့ပတ်သက်လို့ အောက်ပါအတိုင်း အကြံပြုထားပါတယ်။

 ၁. Publisher ရဲ့ စိတ်ချယုံကြည်ရနိုင်မှုအပေါ် ဆင်ခြင်သုံးသပ်ပါ။

သတင်းတစ်ခုကို ဖော်ထုတ်တင်ဆက်တဲ့ publishing site က တကယ့် စံနှုန်းတွေနဲ့ ကိုက်ညီရဲ့လား၊ ယုံကြည်စိတ်ချရတဲ့ ဆိုဒ်တစ်ခု ဖြစ်သလား လေ့လာဆန်းစစ်ပါ။ ဒီနေရာမှာ ဆိုဒ်တစ်ခုဟာ သင့် အပေါင်းအသင်း သူငယ်ချင်းတွေကြားမှာ လူသိများချင်များနိုင်ပေမယ့် အဲဒီက အကြောင်းအရာတွေကတော့ တကယ်ပဲ မှန်ကန်တိကျတယ်လို့လည်း ပြောလို့ မရပါဘူး။

၂. ဖိုတိုရှော့ လုပ်ထားတဲ့ ဓာတ်ပုံတွေ ဖြစ်နေသလား သေချာ ကြည့်ပါ။

ဒီနေရာမှာ သတင်းတစ်ပုဒ်ကို လူများများသိစေချင်တဲ့ ဘယ်ဂျာနယ်လစ်ကမှ ဒါကို ဖြန့်ဝေပေးကြပါ ဆိုပြီး ပြောလိမ့်မှာမဟုတ်ပါဘူး။ သတင်းတစ်ပုဒ်က တကယ့် မှန်ကန်တဲ့ သတင်း ဖြစ်နေရင် အဲဒါက သူ့အလိုလိုပဲ လျင်လျင်မြန်မြန် ပြန့်နှံ့သွားပါလိမ့်မယ်။ အဲဒီလိုပဲ သတင်းဓာတ်ပုံတစ်ပုံကို မြင်တဲ့အခါ သေချာအာရုံစိုက်ကြည့်ပြီး ဒီပုံက တကယ့်အစစ်ဟုတ်လို့လား၊ ဒါမှမဟုတ် ဖိုတိုရှော့ကြီးများလား သေချာ ဆန်းစစ်ပါ။  မစူးစမ်း မဆင်ခြင်ပဲနဲ့ မယုံလိုက်ပါနဲ့။

၃. သတင်းလင့်တွေ ၊ ကိုးကားချက်တွေ ပါ မပါ သေချာကြည့်ပါ။

သတင်းတစ်ပုဒ်က ရုရှားနဲ့ အခြားနိုင်ငံတစ်နိုင်ငံအကြားက ဆက်ဆံရေးအကြောင်း ဖော်ပြထားတယ်ဆိုရင် ဒီသတင်းမှာ အစိုးရ တာဝန်ရှိသူတွေ ပြောထားတဲ့ စကားတွေကို ကိုးကားထားတာ ပါမပါ သေချာ စစ်ပါ။ Links တွေ၊ ကိုးကားချက်တွေ သေချာ ကြည့်ပါ။

၎. ခေါင်းစဉ် အပြင် စာထဲကိုပါ လိုက်ဝင်ဖတ်ပါ။

သင့်အနေနဲ့ အကြောင်းအရာသတင်းတစ်ခုကို ခေါင်းစဉ်ပဲ ကြည့်လိုက်တာနဲ့ သိပ်မရှင်းဘူး၊ မေးခွန်းထုတ်ရမလို ဖြစ်နေရင် စာထဲကို ၀င်ပြီး ဆက်ဖတ်ပါ။ အဲဒီလို ၀င်ဖတ်တဲ့အတွက် ဒီထဲက စာက ခေါင်းစဉ်နဲ့ ကိုက်လား မကိုက်လား သိသွားမှာဖြစ်ပါတယ်။

၅. သတင်းအကြောင်းအရာတစ်ခုက မှန်တယ်မမှန်ဘူး သင် မသေချာရင် အဲဒီ စတိုရီ ကို ဘယ်တော့မှ share မလုပ်ပါနဲ့။

သတင်း တစ်ပုဒ်ကို မှန်တယ်လို့ သင် မယုံကြည်ဘူး ဆိုရင် ဒါကို ဘယ်တော့မှ share မလုပ်ပါနဲ့။ သတင်းမှားတွေကို အလွယ်တကူ မဆင်ခြင်ဘဲ ယုံတတ်ကြသူတွေကပဲ ဒီလိုပဲ သတင်းတု၊ သတင်းမှားတွေကို ဖြန့်ဝေနေမိကြတာ ဖြစ်ပါတယ်။

၆. တစ်ခြား သတင်းတွေနဲ့ နှိုင်းယှဉ်ပြီး အချက်အလက် ရှာပါ။

သတင်းတစ်ပုဒ် ဖြစ်လာတာနဲ့ ဒီ အကြောင်းအရာကို ဆိုဒ် အများအပြားက ဖော်ပြကြမှာဖြစ်ပါတယ်။ ဒီအချိန်မှာ တိကျခိုင်မာတဲ့ အချက်အလက်တွေ သိရဖို့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေမှာ ဖော်ပြတာကိုပဲ ဖတ်ပါ။