ရိုက်တာသတင်းထောက်နှစ်ဦးကို အပြီးသတ်အမိန့် ချတော့မည်

.

ဓာတ်ပုံ - AFP

သြဂုတ်လ ၂၀ ။           ။ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသော ရိုက်တာသတင်းထောက်နှစ်ဦးကို  ၉ လကြာ စစ်ဆေးပြီးနောက် လာမည့် သြဂုတ်လ ၂၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၂ဝ ရက်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ၌ ၃၆ ကြိမ်မြောက် ရုံးထုတ်တွင် နှစ်ဖက် အပြီးသတ်လျှောက်လဲချက် ကြားနားပြီးခဲ့ပြီဖြစ်သည့်အတွက် အပြီးသတ်အမိန့် ချမှတ်တော့မည် ဖြစ်သည်။

ရိုက်တာသတင်းဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို မောင်တောမြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့ အစီရင်ခံစာမိတ္တူတချို့ကို လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်၊ ည ၉ နာရီခန့် အချိန်တွင် ထောက်ကြန့်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်းထောက် ၂ ဦးအား အဆိုပါ စာရွက်စာတမ်းများကို လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးက ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ဖမ်းဆီးခဲ့ပြီးနောက် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မဖြင့် ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ကာ ၉ လ ဝန်းကျင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး စစ်ဆေးပြီးစီးခဲ့သည့် တရားလိုပြ ၂၂ ဦးတွင်ပါဝင်သော ဒုရဲမှူးဟောင်းမိုးရန်နိုင်က ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဖမ်းဆီးရန်အတွက် ရဲမှူးချုပ်တင်ကိုကိုက ဦးစီးကွပ်ကဲခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၂ဝ ရက်နေ့က တရားလိုပြ သက်သေအဖြစ် ထွက်ဆိုမှုများရှိခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံ၊ တိုကျိုအခြေစိုက် NHK သတင်းဌာနနှင့် ဇွန်လဆန်းပိုင်းမှ အင်တာဗျူးတစ်ခုတွင် ရိုက်တာသတင်းထောက်နှစ်ဦးမှာ ရခိုင်ပြည်နယ် အရေးကိစ္စများအား ဖော်ထုတ်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို ချိုးဖောက်ခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ဖြေဆိုထားသည်။