မန္တလေး မဟာမြတ်မုနိဘုရားဘဏ္ဍာ ဖောက်ထွင်းခဲ့သူ ဖမ်းဆီးရမိ

.

(ဓာတ်ပုံ-အမှတ် ၁၀ ၊မြို့မရဲစခန်း)

သြဂုတ် ၂၉ ။            ။ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိရုပ်ရှင်တော်မြတ်(ဘုရားကြီး) ဂေါပကရုံးခန်းနှင့်တွဲလျက်ရှိသော ဘုရားဘဏ္ဍာပစ္စည်းများ  သိမ်းဆည်းထားသည့် အခန်းကို ဖောက်ထွင်းခိုးယူခဲ့သူ အား ဖမ်းဆီးရရှိထားသည်ဟု ချမ်းမြသာ စည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူကပြောသည်။

ဖောက်ထွင်းခိုးယူမှုမှာ သြဂုတ်လ ၁၈ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၉ ရက်နေ့ နံနက်ပိုင်းမှသာ ဂေါပကအဖွဲ့မှသိရှိရပြီး ရဲစခန်းသို့တိုင်ကြားခဲ့ရာ ထိုနေ့မှာပင် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခဲ့သည်။

"ကျူးလွန်တာ တစ်ယောက်တည်းပဲ။ ဘုရားလုံခြုံရေးဝန်ထမ်းပါ။ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်။"ဟု ရဲမှူး စံသူကပြောသည်။

ဖောက်ထွင်းမှု ကျူးလွန်ခဲ့သူ မဟာမုနိဘုရားကြီး လုံခြုံရေးဝန်ထမ်း၊ ကိုကျော်ဇေယျ အသက် ၂၂ နှစ်အား ခိုးယူထားသည့် ငွေကျပ် ၃၆၉၄၈၀၀၊ ရွှေဆိုင်း၂၅ဆိုင်း၊  ၄၅ ရွက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အမှတ်(၁၀)မြို့မရဲစခန်းတွင် (ပ) ၃၅၆/၂၀၁၈၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆-၁ ဖြင့်  ဖမ်းဆီးအရေးယူထားကြောင်း ရဲမှတ်တမ်းအရသိရသည်။

မဟာမုနိရုပ်ရှင်တော်မြတ်(ဘုရားကြီး)တွင် လူစည်ကားသည့်နေရာများတွင် လုံခြံရေးကင်မရာများစွာတပ်ဆင်ထားသော်လည်း ယခုဖောက်ထွင်းမှုဖြစ်ပွားခဲ့သောနေရာမှာ လုံခြုံရေးကင်မရာတပ်ဆင်ထားခြင်း မရှိကြောင်းသိရသည်။