Miss Earth Myanmar 2018 Winner အလှမယ်ရွေးချယ်ပွဲ ကျင်းပ

.

ရန်ကုန်၊သြဂုတ်လ ၁၉ ။           ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မျှဝေမယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ Miss Earth Myanmar 2018 ပြိုင်ပွဲကို သြဂုတ်လ ၁၈ ရက်က ရန်ကုန်မြို့၊ Lotte Hotel မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

၎င်းပြိုင်ပွဲမှာ ဆန်ခါတင်အလှမယ် ၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Earth Myanmar 2018 Winner ဆုကို အလှမယ် ချောရူပါသက်က ရရှိခဲ့ပါတယ်။ ဒါ့အပြင် Miss Earth Teen Myanmar 2018 အဖြစ် သင်းသဉ္ဇာစိုး၊ Miss Eco Tourism Myanmar အဖြစ် ပြည့်ဖူးမွန် ၊ Miss Fire Myanmar 2018 အဖြစ် မေမြတ်နိုးသွယ်၊ Miss Water Myanmar 2018အဖြစ် ရှုမငြီးပိုင် နဲ့ Miss Air Myanmar 2018 ကို ယွန်းနုဝတီတို့က အသီးသီးဆုရရှိခဲ့ပါတယ်။

 " အဓိကကျွန်တော်တို့က Water ၊ Fire ၊ Air ၊Eco Tourism ဆိုပြီး ကျွန်တော်တို့ကရွေးတယ်။ ဘာလို့လည်း ဆိုတော့ သူတို့တွေကလည်း ကျွန်တော်တို့ Miss Earthနဲ့ အတူတူပဲ။ အကုန်လုံး အရည်အချင်းလည်းတူတယ်။ ဒါပေမယ့် ဘာကိုဆိုလိုလည်းဆိုတော သူအခန်းကဏ္ဍကနေ သူတို့ရဲ့ အရည်အချင်းတစ်ခုအနေနဲ့ တာဝန်ယူပေးတယ်ဆိုတဲ့ သဘောမျိုးပါ။ Earth ကျတော့သူက အားလုံးကို တာဝန်ယူထားတဲ့ သဘောနဲ့ပါ။ အားလုံးက သူအရည်အချင်းနဲ့သူ ရှိကြပါတယ်။ Miss Earth ကနေမှ နိုင်ငံတကာကိုသွားဖို့အတွက် အကြောင်း အမျိုးမျိုးကြောင့် သွားရောက်ဖြစ်ခဲ့ရင်လည်းသူတို့နဲ့ အသင့်တော်ဆုံးတစ်ယောက်ကို စေလွှတ်ဖို့လည်း ဟုတ်တယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေ လုပ်ဖို့ဆိုတာ တစ်ဦးတစ်ယောက်ထဲသွားလုပ်ဖို့ကျ လုပ်လို့မကောင်းဘူး။ အဲ့ဒါကြောင့်မို့ အသင်းအဖွဲ့က အရမ်းအရေးပါပါတယ်။ ဒါကြောင့် အသင်းအဖွဲ့ကို စုစည်းနိုင်အောင်လို့လည်း ဒါကိုချပြခဲ့တာပါလို့" Miss Earth Myanmar Organization ရဲ့ CEO ကိုအောင်ကျော်လှိုင် ကပြောပါတယ်။

Miss Earth Myanmar ပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၁၅ ပြိုင်ပွဲတွင် အလှမယ် အိမ့်မြတ်ချယ်က လည်းကောင်း ၂၀၁၆ ပြိုင်ပွဲတွင် နန်းခိုင်ရွှေဝါ၀င်းကလည်းကောင်း ၂၀၁၇ ပြိုင်ပွဲတွင် တင်စန္ဒာမျိုး ကလည်းကောင်း Winner ဆုများကို ရရှိခဲ့ကြပါတယ်။