ဂါဇာနယ်စပ်ဆန္ဒပြမှုမှာ အစ္စရေးစစ်တပ် ပစ်ခတ်လို့ ပါလက်စတိုင်းနှစ်ဦး သေဆုံး

.

ဂါဇာစီးတီး၊ သြဂုတ် ၁၈ ။          ။ ဂါဇာနယ်စပ်က ဆန္ဒပြသမှုတွေမှ အစ္စရေးစစ်တပ် ပစ်ခတ်လို့ ပါကလက်စတိုင်းနှစ်ဦး သြဂုတ် ၁၇ ရက်က သေဆုံးကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သေဆုံးသူနှစ်ဦးဟာ ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း ဘူရီးမြို့က အသက် ၃၀ ရှိ ကာရမ်အဘူနဲ့ တောင်ပိုင်း ရာဖတ်မြို့က အသက် ၂၆ နှစ်ရှိ ဆာဒီမွမ်မာတို့ဖြစ်ကြောင်း သိရပါတယ်။

နှစ်ဦးစလုံးဟာ ဦးခေါင်းကို ပစ်ခတ်ရလို့ သေဆုံးတာ ဖြစ်ပါတယ်။

အစ္စရေးစစ်တပ်က သေဆုံးမှုတွေ မသိပေမယ့် နယ်စပ်မှာ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့တော့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက စတင်တဲ့ ပါလက်စတိုင်းတွေရဲ့ နယ်စပ်ဆန္ဒပြမှုတွေမှာ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ရာ အစ္စရေး ပစ်ခတ်လို့ သေဆုံးသူပေါင်း ၁၇၁ ဦးအထိ ရှိနေပါတယ်။

ဇူလိုင်လအတွင်းကတော့ ပါလက်စတိုင်းစနိုက်ပါတစ်ဦး ပစ်ခတ်လို့ အစ္စရေးစစ်သားတစ်ဦး သေဆုံးခဲ့ရပါတယ်။

ဂါဇာက ဟားမတ်စ်အုပ်စုအပါအ၀င် ပါလက်စတိုင်းစစ်သွေးကြွတွေနဲ့ အစ္စရေးတို့ဟာ ၂၀၀၈ ခုနှစ်က စပြီး သုံးကြိမ် စစ်ပွဲဖြစ်ပွားထားပါတယ်။

မတ်လက ပါလက်စတိုင်းတွေရဲ့ နေရပ်သို့ စုရုံးချီတက်မှုဆိုတဲ့ ဆန္ဒပြမှုတွေ လက်ရှိအထိ ဂါဇာနယ်စပ်မှာ အရှိန်မြင့်နေဆဲဖြစ်တာကြောင့် နောက်ထပ်ပဋိပက္ခစစ်ပွဲတစ်ရပ် ထပ်ပြီး ဖြစ်လာမလားဆိုတဲ့  စိုးရိမ်မှုတွေ ရှိနေပါတယ်။