ပျောက်ဆုံးနေသော ပန်ချင်လာမားမှာ ပုံမှန်ဘဝတွင် နေထိုင်လျှက်ရှိဟု တရုတ်ပြောကြား

ပျောက်ဆုံးနေသော ပန်ချင်လာမားမှာ ပုံမှန်ဘဝတွင် နေထိုင်လျှက်ရှိဟု တရုတ်ပြောကြား

ပေကျင်း၊ စက်တင်ဘာ-၆ ။ ။ ဆယ်စုနှစ် နှစ်ခုအလွန်က ဒလိုင်လာမားက တိဗက်ဗုဒ္ဓဘာသာတွင် ဒုတိယအဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရပြီးနောက် ပျောက်ကွယ်သွားခဲ့သည့် တိဗက်လူငယ်တစ်ဦးမှာ ပုံမှန်ဘဝတွင် နေထိုင်လျှက်ရှိကြောင်းနှင့် အနှောင့်အယှက် မခံလိုတော့ကြောင်း အကြီးတန်းတရုတ်အရာရှိတစ်ဦးက စက်တင်ဘာလ ၆ရက်က ပြောကြားခဲ့သည်။

ဤမှတ်ချက်စကားမှာ ပြည်နှင်ခံဘာသာရေးခေါင်းဆောင် ဒလိုင်လာမားက ထိုလူငယ်အား ပန်ချင်လာမားအဖြစ် လျာထားသတ်မှတ်ခဲ့ပြီးနောက် ၆နှစ်သားအရွယ်တွင် အဝေးသို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ယခုအခါ အသက်၂၆နှစ်ရှိပြီဖြစ်သည့် ဂျင်ဒန် ချိုကျီ ညီမာ၏ ကံကြမ္မာကို ရှားရှားပါးပါး ဝန်ခံလိုက်ခြင်းပင်ဖြစ်သည်။

ယခုနှစ်မှာ ဂျင်ဒန် ချိုကျီ ညီမာ ပျောက်ဆုံးသွားခဲ့သည့် ၂၀နှစ်ပြည့်ဖြစ်ပြီး တိဗက်လူမျိုးများစွာက ၎င်း၏ ကံကြမ္မာနှင့်ပတ်သက်၍ အထူးစိုးရိမ်နေကြဆဲပင်ဖြစ်သည်။

''ခင်ဗျားတို့ပြောနေတဲ့ လူဝင်စားကလေးငယ် ပန်ချင်လာမားဟာ ပညာတတ်တစ်ယောက်ဖြစ်လာပြီး ပုံမှန်ဘဝနဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာလို့ စိတ်အနှောင့်အယှက် အဖြစ်မခံလိုတော့ပါဘူး''ဟု တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ညီညွတ်သောရှေ့တန်းအလုပ်ဌာန အဖွဲ့ဝင် နော်ဘူ ဒန်ဇက်က သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ရိုက်တာမှ မေးခွန်းကို တုံ့ပြန်ဖြေကြားခဲ့သည်။

ကလေးငယ်အား ပန်ချင်လာမားဝင်စားသူဟု ဒလိုင်လာမား၏ ကြေညာချက်ကို နော်ဘူက ငြင်းဆန်ပယ်ချလိုက်ပြီး ယင်းကဲ့သို့ ရွေးချယ်လိုက်ခြင်းမျာ သမိုင်းအစဉ်အလာကို လျစ်လျူရှုခြင်းဖြစ်ပြီး ဘာသာရေးထုံးဓလေ့များကို ဖျက်စီးလိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

''လုပ်ပိုင်ခွင့်မရှိဘဲ သတ်မှတ်လိုက်တာပါ။ တရားမဝင်ပါဘူး''ဟု နော်ဘူ ဒန်ဇက်က ပြောကြားခဲ့သည်။

သို့ရာတွင် တရားဝင်အားဖြင့် ဘုရားမဲ့ဝါဒီဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီမှာ ဂျင်ဒန် ချိုကျီ ညီမာမှာ ပန်ချင်လာမားအစစ်မဟုတ်ဟူသော အမြင်ကို ကိုင်စွဲထားခဲ့သည်။ ၁၉၉၅ခုနှစ်တွင် တိဗက်လူမျိုးများ၏ စိတ်နှလုံးကို သိမ်းကြုံးဆွဲငင်နိုင်ရန်အတွက် တရုတ်အစိုးရက ဂျယ်ဇင်နော်ဘူကို ဆယ့်တစ်ယောက်မြောက် ပန်ချင်လာမားအဖြစ် ရွေးချယ်ခန့်အပ်ခဲ့သော်လည်း တိဗက်လူမျိုးများစွာက အတုအယောင်အဖြစ်သာ သတ်မှတ်ရှုတ်ချခဲ့ကြသည်။

လူဝင်စားပြဿနာတွင် မည်သူက ဆုံးဖြတ်ပိုင်ခွင့်ရှိသည်နှင့် ပတ်သက်၍ ဒလိုင်လာမားနှင့် တရုတ်တို့မှာ အပြန်အလှန် ထိုးနှက်နေခဲ့ကြသည်။ တိဗက်လူမျိုးများစွာကမူ ပြည်နှင်ခံများက လျာထားသတ်မှတ်သည့် ဒလိုင်လာမားအသစ်နှင့် တရုတ်အစိုးရက ရွေးချယ်ခန့်အပ်သည့် ဒလိုင်လာမားကြားတွင် တိဗက်ဗုဒ္ဓဘာသာ နှစ်ခြမ်းကွဲအောင် တရုတ်က အသုံးချမည်ကို စိုးရိမ်နေကြသည်။

''ဒလိုင်လာမား ဘာပြောပြော၊ ဘာလုပ်လုပ်၊ လူဝင်စားနဲ့ပတ်သက်တဲ့ တရုတ်အစိုးရက အသိအမှတ်ပြုထားတဲ့ အခွင့်အရေးတွေကိုတော့ မငြင်းနိုင်ပါဘူး''ဟု နော်ဘူ ဒန်ဇက်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required