သတင်းလွတ်လပ်ခွင့်အတွက် အမေရိကန်သတင်းစာတွေ သမ္မတ ထရမ့်ကို တုံ့ပြန်တိုက်ခိုက်

.

ဝါရှင်တန်၊ သြဂုတ် ၁၇ ။            ။ သတင်းမီဒီယာအပေါ် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အတောမသတ်တိုက်ခိုက်နေမှုတွေကို အမေရိကန် သတင်းစာကြီး၊ သတင်းငယ်တွေက ပူးပေါင်းပြီး တုံ့ပြန်တိုက်ခိုက်ကြပါတယ်။

သြဂုတ် ၁၅ ရက်မှာ သတင်းမီဒီယာလွတ်လပ်ခွင့် အရေးကြီးကြောင်းကို မီးမောင်းထိုးရေးသားတဲ့ အယ်ဒီတာ့အာဘော်တွေ ဖော်ပြပြီး ပူးပေါင်းကမ်ပိန်းတစ်ရပ် ဆင်နွှဲကြတာပဲ ဖြစ်ပါတယ်။

The Boston Globe သတင်းစာက ဦးဆောင်တဲ့ ဒီကမ်ပိန်းမှာ နိုင်ငံအနှံ့က သတင်းစာပေါင်း ၃၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ပါတယ်။

“ဒီကနေ့ အမေရိကန်မှာ လက်ရှိအမေရိကန်အစိုးရရဲ့ ပေါ်လစီတွေကို မထောက်ခံတဲ့ မီဒီယာသမားတွေကို ပြည်သူ့ ရန်သူတွေအဖြစ် ပုံသွင်းပြောဆိုနေတဲ့ သမ္မတတစ်ဦး ရှိနေပြီ။”လို့ The Boston Globe သတင်းစာ အယ်ဒီတာ့အာဘော်က ရေးထားပါတယ်။

ထရမ့်ရဲ့ ဝေဖန်တာကို မကြာခဏ ခံရလေ့ရှိတဲ့ The New York Times သတင်းစာကလည်း ‘သတင်းလွတ်လပ်ခွင့်က သင်ကို လိုနေတယ်’ဆိုပြီး စာလုံးကြီးတွေနဲ့ပဲ ရေးထားတဲ့ ခေါင်းစဉ်ကြီးအောက်မှာ စာခုနစ်ပုဒ်ပါ အယ်ဒီတာ့အာဘော်ကို ဖော်ပြခဲ့ပါတယ်။

သမ္မတ ထရမ့်က သူ့ကို ပုံနှိပ်ဆောင်းပါးတွေနဲ့ ဝေဖန်တဲ့ မီဒီယာတွေဟာ သတင်းမှားတွေကို စက်နဲ့ ရိုက်ထုတ်သလို ရိုက်နှိပ်ဖော်ပြနေတယ်လို့ ထပ်သလဲလဲ ပြောဆိုနေတဲ့ကြား အခု ကမ်ပိန်းလှုပ်ရှားမှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။